၂၈.၂..၂၀၂၄
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံတွင် ဖေဖော်ဝါရီလ ၁၄ ရက်က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ၌ ရွေးကောက်ပွဲဝန်ထမ်း ၁၁၄ ဦး သေဆုံးခဲ့ရကြောင်းနှင့် ရွေးကောက်ပွဲနောက်ပိုင်းတွင် ရွေးကောက်ပွဲဝန်ထမ်း ၁၅,၀၀၀ ကျော် နေထိုင်မကောင်းဖြစ်ခဲ့ရကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် တစ်ရက်တည်းပြုလုပ်သော ရွေးကောက်ပွဲများအနက် အကြီးမားဆုံးဟုလည်းဆိုရမည့် အင်ဒိုနီးရှား ရွေး ကောက်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၆ နာရီတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ မဲရုံဝန်ထမ်းများအနေဖြင့် မဲပေးပွဲလုပ်ငန်းများ၊ မဲရေတွက်ခြင်းနှင့် စာရင်းဇယားများကို ရွေးကောက်ပွဲ ရလဒ်စာရင်းအတွင်းထည့်သွင်းခြင်း စသည့်လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၅ ရက်နံနက်အထိ မနားတမ်းဆောင်ရွက်ခဲ့ကြရသည်။
ရွေးကောက်ပွဲလုပ်ငန်းများပြီးဆုံးချိန်၌ အချို့ဆိုလျှင် ၎င်းတို့၏နေ့ဘက်အလုပ်တာဝန်အား ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆက်လက်ထမ်းဆောင်ကြရသေးသည်။ ထို့ကြောင့်လည်း ရွေးကောက်ပွဲလုပ်ငန်းတာဝန်များမှ ပင်ပန်းမှုများကြောင့် ရွေးကောက်ပွဲဝန်ထမ်း ၁၁၄ ဦးအထိ ကျန်းမာရေးထိခိုက်ကာ သေဆုံးခဲ့ရခြင်းဟုလည်း သိရသည်။
သမ္မတရွေးကောက်ပွဲနှင့် အခြားဥပဒေပြု ရွေးကောက်ပွဲများကို တစ်ရက်တည်းတွင် ပထမဆုံးစတင်ကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ်ကဆိုလျှင်လည်း ရွေးကောက်ပွဲဝန်ထမ်း ၉၀၀ နီးပါးအထိ သေဆုံးခဲ့ရသည်။ ထိုသို့ရွေးကောက်ပွဲများကို တစ်ရက်တည်း ကျင်းပခဲ့ရာတွင် ရွေးကောက်ပွဲ စောင့်ကြည့်သူများက ရွေးကောက်ပွဲဝန်ထမ်းများ၏ ကျန်းမာရေးအား ထိခိုက်သေဆုံးရမှုများလျော့ကျစေရန် ဆောင်ရွက်ရေး တောင်းဆိုခဲ့ကြသည်။
၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း မဲရုံ ၈၂၀,၀၀၀ ကျော်၌ မဲပေးနိုင်သူ စုစုပေါင်း ၂၀၄ ဒသမ ၈ သန်း၏ မဲပေးမှုများအတွက် မဲရုံဝန်ထမ်း ၅ ဒသမ ၇ သန်းကျော် တာဝန်ထမ်းဆောင်ခဲ့ကြသည်။
Ref – CNA