၂၈.၂ .၂၀၂၄
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန် (မြောက်ရပ်ကွက်)၊ ဟင်္သာဝတီဘူတာမှာ မနေ့က ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ် ၁၂ နာရီအချိန်မှာ အမျိုးသမီးကြီးတစ်ဦး မီးရထားကြိတ်မိ သေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ကြည့်မြင်တိုင်စျေးထဲမှာ စျေးရောင်းချပြီး ပြန်လာတဲ့ အသက် ၅၂ အရွယ် အမျိုးသမီးက သူစီးမယ့်ရထားလာနေတာမြင်တာကြောင့် စင်္ကြပေါ်လှမ်းအတက်မှာ ခြေထောက်ခေါက်ပြီး ရထားသံလမ်းပေါ်ပြန်ပြုတ်ကျရာက ဘူတာကို ဝင်လာတဲ့ရထားနဲ့ ကြိတ်မိတာလို့ ဖြစ်စဥ်ကို ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ရှင်းပြပါတယ်။
အဆိုပါတာဝန်ရှိသူက “ရထားကြိတ်ခံရသူက သမီးနှစ်ဦးကျန်ခဲ့တယ်။ တစ်ဦးက ၁၅ နှစ်။ တစ်ဦးက ၁၁ အရွယ်လေး။ အခု ဖြစ်တာက သမီးအငယ်နဲ့အတူတူ အိမ်ပြန်ဖို့ ရထားစီးရင်း ဖြစ်တာလို့ သိရတယ်။ ကလေးက အရှေ့ကနေ ပြေးသွားတာမို့ စင်္ကြံပေါ် လွတ်လွတ်ကျွတ်ကျွတ် ရောက်နေပြီ အမေလုပ်သူက နောက်မှာ ကျန်ခဲ့ရင်းက အခုလို ဖြစ်တာ”လို့ ပြောပြပါတယ်။
ရထားကြိတ်မိတဲ့အတွက် အဆိုပါအမျိုးသမီးမှာ ခါးလည်မှပြတ်ကာ အရေပြားတွဲဆက်လျက်ဒဏ်ရာနဲ့ လဲကျတဲ့နေရာကနေ ၁၀ ပေခန့်ထိ ရထားနဲ့ ချိတ်ကာပါသွားပြီး နေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို ဝန်းရံမှူး လူမှုကူညီရေးအသင်းနဲ့ ပြည်သူလူရွှင်တော်လူမှုကူညီရေးအသင်းတို့က ပူးပေါင်းရှင်းလင်းကောက်ယူကာ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။