၂၈. ၂. ၂၀၂၄
Written by Nay Aung
မြန်မာအစိုးရကို ယခုနှစ်အတွင်းဖြုတ်ချနိုင်မည်ဆိုသောအချက်က ဖြစ်နိုင်ချေနည်းပါးလွန်းကြောင်း ဘင်္ဂလားဒေ့ရှ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးက သုံးသပ်ပြောဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သလို ဘင်္ဂလားဒေ့ရှ်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျူဥက္ကဋ္ဌအဖြစ်တာဝန်ယူနေသော Muniruzzaman က ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းမီဒီယာတစ်ခုနှင့် တွေ့ဆုံအင်တာဗျူးချိန်တွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ညီနောင်မဟာမိတ်အဖွဲ့တွေဟာ မြန်မာအစိုးရထိန်းချုပ်ထားတဲ့ မြို့တွေနဲ့ တပ်မတော်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်။ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့အတူ PDF အဖွဲ့တွေလည်း ပူးပေါင်းတိုက်ခိုက်ခဲ့တယ်။ PDF အဖွဲ့တွေမှာ ဗမာလူမျိုးအများဆုံး ပါဝင်နေတယ်။ ဒါကြောင့် မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေဟာ ပုံစံအသစ်နဲ့ အချိုးအစားအသစ်တွေဖြစ်လာစေခဲ့တယ်။ အနောက်အုပ်စုမီဒီယာတွေကလည်း မြန်မာအစိုးရဟာ ဒီနှစ်အတွင်းဖြုတ်ချခံရမယ်လို့ ဝေဖန်ရေးသားကြတယ်။ လက်နက်ကိုင်အဖွဲ့တွေကလည်း အနောက်အုပ်စုမီဒီယာတွေဖော်ပြသလိုမျိုး ပြောဆိုတာတွေလည်းရှိနေတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်နိုင်ချေက ခက်ခဲလွန်းပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် PDF အဖွဲ့တွေဟာ မြန်မာအစိုးရကို အများကြီးဖိအားပေးနိုင်တာမျိုးရှိသေးပါဘူး။ မြန်မာအစိုးရ ရင်ဆိုင်နေတဲ့ စိန်ခေါ်မှုတွေဟာ နယ်စပ်ဒေသတစ်လျှောက်နဲ့ တိုင်းရင်းသားနယ်မြေတွေဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်ဟာ အလုံးစုံရှုံးနိမ့်သွားမယ်ဆိုတာ အတိအကျမပြောနိုင်ပါဘူး ” ဟု Muniruzzaman က ပြောသည်။
ထို့အပြင် လက်နက်ကိုင်အဖွဲ့များသည် လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်နေသော်လည်း ဗဟိုအစိုးရကို အာဏာရယူထားမှုမှ ဖြုတ်ချရန် မလိုလားကြောင်း ဘင်္ဂလားဒေရှ့်ဗိုလ်ချုပ်ကြီးဟောင်း Muniruzzamanက သုံးသပ်ပြောဆိုသည်။
“အဲဒီလက်နက်ကိုင်အဖွဲ့စည်းအားလုံးဟာ ဗဟိုအစိုးရထံကနေ အာဏာရယူဖို့ မလိုလားဘူး။ မြန်မာအစိုးရကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့အုပ်စုတွေဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် သီးခြားတည်ထောင်ဖို့မလိုလားဘူး။ ဒါပေမဲ့အဲဒီ မြန်မာလက်နက် ကိုင်အုပ်စုတွေဟာ သူတို့နဲ့ သက်ဆိုင်တဲ့ဒေသကို ထိန်းချုပ်လိုပြီး အဲဒီဒေသရဲ့အရင်းအမြစ်တွေကို ရယူထိန်းချုပ်လိုကြတယ်။ လက်ရှိအချိန်အထိ မြန်မာလက်နက်ကိုင်အဖွဲ့တွေဟာ ဒီမိုကရေစီနိုင်ငံတည်ထောင်ဖို့၊ ရွေးကောက်ပွဲကျင်းပပေးဖို့စတဲ့ အာဂျင်ဒါမျိုးမရှိသေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံ ပြိုကွဲနိုင်တယ်ဆိုတဲ့ စိတ်ကူးယဥ်မှုတွေဟာ လက်တွေ့မဆန်ပါဘူး၊” ဟု Muniruzzaman က ပြောသည်။
Ref prothomalo