October 30, 2024

မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကို တွေ့ရစဥ်

၆.၁၂.၂၀၂၂
Written by Nay Aung

ရုရှားစွမ်းအင်ကုမ္မဏီတစ်ခုသည် မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်လုပ်ကိုင်ဖွယ်ရှိနေကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံရဲ့ ပေါင်းလောင်းမြစ်မှာ တည်ဆောက်ဖို့စီစဉ်နေတဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းမှာ ရုရှားစွမ်းအင်ကုမ္မဏီတစ်ခုက Contractor အဖြစ် ပူးပေါင်းပါဝင်လုပ်ကိုင်ဖို့ စီစဉ်နေပါတယ်” ဟုဆိုသည်။

မြန်မာအစိုးရတာဝန်ရှိသူများသည် မကြာသေးမီက ရုရှားနိုင်ငံသို့သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံတွင် ကျင်းပသော Russian Energy Week အစည်းအဝေးကို တက်ရောက်ခဲ့ကာ ရုရှားစွမ်းအင်ကုမ္မဏီ Inter RAO Export ၏ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းအခြေစိုက် PTG ကုမ္မဏီတို့သည် ပေါင်းလောင်းမြစ်တွင် ရေအားလျှပ်စစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရန် လုပ်ငန်းများလုပ်ကိုင်ဖို့ စာချုပ်များချုပ်ဆိုထားသည်။ မြန်မာအစိုးရ ကိုယ်စားလှယ်များသည် ရုရှားနိုင်ငံ စိန့်ပီတာဘရက်မြို့တွင်ကျင်းပသော International Economic Forum (SPIEF) ဖိုရမ်သို့ ထပ်မံသွားရောက်ခဲ့ပြီး Inter RAO ကုမ္ပဏီ၏ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးနှင့် ခေတ်မီစွာတည်ဆောက်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီတာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင်ပြုလုပ်ရန် စီစဉ်ထားသော ရေအားလျှပ်စစ်စီမံကိန်းကို ခေတ်မီအောင် တည်ဆောက်နိုင်ရေးအတွက် ပါဝင်လုပ်ကိုင်ရန် မြန်မာအာဏာပိုင်များထံ တောင်းဆိုထားကြောင်းသိရသည်။

အဆိုပါ ရုရှားစွမ်းအင်ကုမ္မဏီသည် ရေအားလျှပ်စစ်စီမံကိန်းတွင်ပါဝင်လုပ်ကိုင်ရန်အတွက် လေ့လာမှုများလုပ်ဆောင်နေ သည်။ ရုရှားစွမ်းအင်ကုမ္မဏီသည် လျှပ်စစ်ဓာတ်အား ၁၄၆ ဒသမ ၅၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိမည့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စဉ်းစားခဲ့ဖူးကြောင်း သိရသည်။

Ref , Interfax

Leave a Reply

Your email address will not be published. Required fields are marked *