၂၇. ၂. ၂၀၂၄
Written by Pan Ei
မြန်မာနိုင်ငံက နာမည်အကြီးဆုံး MLBB အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ Burmese Ghouls အသင်းဟာ ရုရှားနိုင်ငံ ကာဇန်မြို့မှာ ကျင်းပနေတဲ့ Game of the Future 2024 ပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့် ဒုတိယနေ့မှာ မွန်ဂိုလီးယားအသင်း Team Lilgun ကို ၂ – ၀ ရလဒ်နဲ့ အနိုင်ရပြီး ရှုံးထွက်အဆင့်တက်သွားခဲ့ပြီပဲဖြစ်ပါတယ်။
မနေ့ညက ဆော့ကစားခဲ့တဲ့ ရုရှားအသင်း Deus Vult နဲ့ အဖွင့်ပွဲစဉ်မှာတော့ ၂ – ၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပေမဲ့ ဒီနေ့ Team Lilgun နဲ့ပွဲစဉ်မှာတော့ လက်ရည်အသာကို ပြသခဲ့ပြီး အနိုင်ပွဲစဉ်ကို အရယူနိုင်ခဲ့တာပါ။
Game of the Future 2024 ပြိင်ပွဲကြီးအတွက် Burmese Ghouls အသင်းဟာ အင်ဒိုနီးရှားက အသစ်ခေါ်ယူထားတဲ့ Dlar နဲ့ Saxa တို့လို့ ကစားသမားတွေကိုလည်း အားဖြည့်ဆော့ကစားစေခဲ့ပြီး ဒီနေ့ပွဲစဉ်မှာလည်း ကစားသမားဟောင်းတွေဖြစ်တဲ့ Blink၊ Stitch၊ Niko တို့နဲ့ အတူ တွဲဖက်ညီစွာ ဆော့ကစားခဲ့တာကို တွေ့ရကာ Niko ရဲ့ ပြောင်မြောက်လှတဲ့ ကစားကွက်တွေကလည်း ပရိသတ်တွေ အကြိုက်တွေ့စေခဲ့ပါတယ်။
MLBB ပြိုင်ပွဲတွေ တစ်လျှောက် ဆုကြေးအများဆုံး ပြိုင်ပွဲဖြစ်လာတဲ့ Game of Future 2024 ပြိုင်ပွဲကြီးကတော့ ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတွေကို အဆင့်အလိုက် ဆုချီးမြှင့်သွားမှာဖြစ်ပြီး အသင်းအားလုံးအတွက် စုစုပေါင်းချီးမြှင့်မဲ့ ဆုကြေးကတော့ အမေရိကန်ဒေါ်လာ ၁ သန်းအထိရှိကာ စုစုပေါင်း အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ Game of the Future ပွဲစဉ်ကြီးရဲ့ ရှုံးထွက်ပွဲစဉ်တွေကိုတော့ မနက်ဖြန် ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၄ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး Burmese Ghouls အသင်းအနေနဲ့ အနိုင်ပွဲတွေ ရရှိသွားနိုင်သွားဦးမလားဆိုတာကတော့ စောင့်ကြည့်သွားကြရဦးမှာပါ။