၂၇. ၂. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်သမ္မတဖြစ်သူ ဂျိုးဘိုင်ဒန်က လက်ရှိညှိနှိုင်းလျက်ရှိသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ မွတ်စလင်ဘာသာဝင်တို့၏ ရာမဒန်ဥပုသ်လအတွင်း ဂါဇာထိုးစစ်ကို ရပ်ဆိုင်းထားရန် အစ္စရေးက သဘောတူလိမ့်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းက ပြောကြားခဲ့ကြောင်းသိရသည်။
သမ္မတက အမေရိကန် NBC သတင်းဌာနမှပြုလုပ်သော တွေ့ဆုံမေးမြန်းပွဲတစ်ခုတွင် “ရာမဒန်ဥပုသ်လကလည်းကျရောက်တော့မှာဖြစ်ပြီး အစ္စရေးတို့အနေနဲ့လည်း ဥပုသ်လအတွင်း သူတို့အနေနဲ့ စစ်ရေး လှုပ်ရှားမှုတွေ မပြုလုပ်ဖို့ သဘောတူဖို့ရှိပါတယ်။ ဒါက ကျွန်တော်တို့ကို ဓားစာခံတွေ အကုန် လွတ်မြောက်အောင် ကယ်ထုတ်နိုင်ဖို့ အချိန်ရစေမှာပါ” ဟု ပြောကြားခဲ့သည်။
အမေရိကန်အစိုးရအရာရှိတစ်ဦးက အစ္စရေးနှင့် ဟားမားစ်ညှိနှိုင်းဆွေးနွေးပွဲတွင် အဓိကကျသော အတားအဆီးများဖြစ်သည့် အစ္စရေးတပ်ဖွဲ့များ ဂါဇာမှလုံးဝရုပ်သိမ်းပေးရေးနှင့် ပါလက်စတိုင်းအကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရေးတို့ကိုလည်း ဖြေရှင်းပြီးဖြစ်ကြောင်း ပြောခဲ့သည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပသည့် ဆွေးနွေးပွဲတွင်လည်း အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား ၄၀၀ ခန့်ကို လွှတ်ပေးရေးသဘောတူခဲ့ကြောင်း သိရသည်။အတည်မပြုနိုင်သေးသောသတင်းများအရ အစ္စရေးတပ်ဖွဲ့များကိုဂါဇာမြောက်ပိုင်းသို့ ပြန်၍ဆုတ်ခွာပေးမည်ဖြစ်ကာ ဂါဇာအပေါ် ကင်းထောက်လေယာဉ်များပျံသန်းနေမှုကိုလည်း အစ္စရေးက ရပ်ဆိုင်းပေးမည်ဖြစ်သည်ဟုဆိုသည်။
Ref – Times Of Israel