October 19, 2024

၂၇. ၂. ၂၀၂၄
Written By Thandar

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဇာတ်လမ်းဇာတ်ညွှန်းအခြေခံအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ နဒီဧရာ(ခ)ဦးညီညီအောင် အသက်၄၄ နှစ်ကတော့ ပါးစောင်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ ဇနီးဖြစ်သူ ဒေါ် ကေသီလွင်က ပြောပါတယ်။

သူဟာတော့ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်က ရန်ကုန်မြို့ မြောက်ဥက္ကလာပ မေဓာဝီဆေးရုံမှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

“ကျွန်မရဲ့ အမျိုးသား ဆေးရုံတက်နေတာ နှစ်ပတ်ရှိပြီ။ ကျန်းမာရေးက တဖြေးဖြေးဆိုးလာပြီးတော့ အစားလုံးဝ မစားနိုင်တော့ဘူး။ အရည်လေးပဲ သောက်နိုင်တော့တာ။ ဒီကြားထဲ ပိုးသတ်ဆေးတွေ သွေးတိတ်ဆေးတွေ အများကြီးထိုးရတာမို့ ခန္ဓာကိုယ်က ခံနိုင်ရည် မရှိတော့ဘူးလေ။ အားဆေးသွင်းရင် ထူထူထောင်ထောင်လေး ဖြစ်လာပေမယ့် တစ်ခုဆေးထိုးတော့ တစ်ခုဆိုးကျိုးရှိတာပေါ့နော်။ မနေ့က မနက်ပိုင်းက အမျိုးသား ဘ၀တစ်ပါး ကူးပြောင်းသွားပါပြီ။ သူ့အတွက် ဝဋ်ကြွေးကျေသွားတာပေါ့။ နောက်ဘ၀သစ်မှာ ကိုယ်ကျန်းမာစွာ အနာရောဂါကင်းရှင်းပါစေ”လို့ နဒီဧရာရဲ့ ဇနီးဒေါ်ကေသီလွင်က ပြောပါတယ်။

သူဟာ ကွမ်းယာငုံထားရာကနေ ပါးစောင်ကင်ဆာရောဂါအဆင့် ၄ ကို ခံစားခဲ့ရပြီး အချိန်အတော်ကြာ ရောဂါဝေဒနာကို ဆိုးရွားစွာ ခံစားခဲ့ရတာလည်းဖြစ်ပါတယ်။ နဒီဧရာရဲ့ နာရေးကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၂ နာရီမှာတော့ မြောက်ဥက္ကလာပဆေးရုံကနေ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်သွားမှာဖြစ်ပါတယ်။

ယခုနှစ် ဇန်နဝါရီလအတွင်း ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ပြီးတော့ နဒီဧရာ မကွယ်လွန်မီအချိန်က ကွမ်းကြောင့်ဖြစ်ရတဲ့ ပါးစောင်ကင်ဆာရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဇာတ်လမ်းတစ်ခုအနေနဲ့ ပုံဖော်မယ်လို့ စိတ်ကူးခဲ့တယ်လို့ သိရပါတယ်။ ခုချိန်မှာ သူ့ရဲ့ ဆန္ဒတွေ မပြည့်ဝဘဲ ဘဝတစ်ပါးကို ကူးပြောင်းခဲ့ပြီလည်း ဖြစ်ပါတယ်။

နဒီဧရာကတော့ ဇာတ်လမ်းဇာတ်ညွှန်းအဖွဲ့ သာရေး နာရေးကိစ္စ၊ အသက် ၈၀ အထက် ဇာတ်ညွှန်းဆရာကြီးများ သက်ကြီးပူဇော်ပွဲ၊ ရုပ်ရှင်သက်ကြီးပူဇော်ပွဲ၊ ကထိန်ပွဲတွေမှာလည်း စေတနာ ထက်သန်စွာ ပါဝင် လှူဒါန်းသူ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *