October 20, 2024

◼️ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများက တန်ဖိုးကြီးအိမ်ရာများဝယ်ယူနေ၍ အိမ်ရာအဆောက်အအုံဝယ်ယူကြသည့် နိုင်ငံခြားသားများအနက် တတိယအများဆုံးနေရာတွင်ရှိနေ

၂၇. ၂. ၂၀၂၄
Translated by Htwe Ko Tun

လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း ထိုင်းနိုင်ငံ၏ အဓိကမြို့ကြီးများရှိ တန်ဖိုးကြီးအိမ်ရာအဆောက်အအုံများကို မြန်မာနိုင်ငံသား ငွေကြေးတတ်နိုင်သူများက ဝယ်ယူမှုများပို၍များပြားလာခဲ့ကြောင်း၊ ထို့အတွက် အိမ်ရာဈေးကွက်တွင် နိုင်ငံခြားသားများက အဓိကသုံးစွဲဝယ်ယူနိုင်သူများဖြစ်လာစေခဲ့ရကြောင်း အိမ်ခြံမြေဈေးကွက်စီမံခန့်ခွဲမှုကုမ္ပဏီ Colliers ၏အချက်အလက်များအရ သိရသည်။

Colliers ကုမ္ပဏီ၏ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ကာလို ပိုဘာက အစိုးရအိမ်ခြံမြေဘဏ်၏ အိမ်ခြံမြေသတင်းအချက်အလက်ဗဟို (REIC) က ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံက အိမ်ရာအဆောက်အအုံဝယ်ယူသူများက ဘန်ကောက်၊ ဖူးခက်နှင့် ချင်းမိုင်မြို့ကြီးများတွင် ဝယ်ယူမှုပြုကြရန် အများဆုံးစိတ်ဝင်စားကြသည်ဟု သိရကြောင်း ပြောခဲ့သည်။

REIC ၏ထုတ်ပြန်ချက်များက ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏အနောက်ဘက် အိမ်နီးချင်းမြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံအတွင်း အိမ်ရာအဆောက်အအုံဝယ်ယူမှုများက ဘတ်ငွေ ၂ ဒသမ ၂၅ ဘီလျံခန့်ရှိမည်ဟုဖော်ပြခဲ့သည်။ ထို့ကြောင့်လည်း ထိုင်းနိုင်ငံအတွင်း တရုတ်နှင့် ရုရှားနိုင်ငံသားများပြီးလျှင် မြန်မာနိုင်ငံသားများက အိမ်ရာအဆောက်အအုံများကို တန်ဖိုးအားဖြင့် တတိယအများဆုံးဝယ်ယူကြသောနိုင်ငံသားများဖြစ်နေကြကြောင်းလည်း ဖော်ပြခဲ့သည်။

“သတိပြုရမယ့်အချက်က မြန်မာနိုင်ငံသားတွေ ဝယ်ယူတဲ့ အိမ်ရာအဆောက်အအုံတွေရဲ့ တန်ဖိုးက ပျမ်းမျှအားဖြင့် ဘတ်ငွေ ၆ ဒသမ ၅ သန်း(အမေရိကန်ဒေါ်လာ ၁၈၀,၀၀၀ ကျော် ၊ မြန်မာငွေ ကျပ် ၃,၈၀၀ သိန်း ခန့်) ရှိတာတွေ့ရပြီး ကပ်ရောဂါအပြီးကာလမှာ ထိုင်းနိုင်ငံအတွင်း အိမ်ခြံမြေအဆောက်အအုံ ဝယ်တဲ့ နိုင်ငံခြားသားတွေ တိုးတက်လာတဲ့အထဲ တန်ဖိုးကြီးအိမ်ရာတွေ ဝယ်ယူသူတွေပါ ဖြစ်လာခဲ့ကြတယ်” လို့ ပိုဘာက ပြောခဲ့ပါတယ်။

ထို့ပြင် ပိုဘာက မြန်မာနိုင်ငံသား အိမ်ရာအဆောက်အအုံဝယ်ယူသူများက အများအားဖြင့် ဘတ်ငွေ ၁၀ သန်း မှ သန်း ၂၀ အထိ တန်ဖိုးရှိသည့် တန်ဖိုးကြီးဇိမ်ခံကွန်ဒိုမီနီယံအဆောက်အအုံများတွင် ဝယ်ယူလေ့ ရှိကြကြောင်း၊ အများအားဖြင့် ဆေးရုံများ၊ နိုင်ငံတကာကျောင်းများ၊ အရောင်းကုန်တိုက်ကြီးများနှင့် ဟိုတယ်များနှင့်နီးသော ဆူခွန်ဗစ်၊ ဖရွမ်ပုန်နှင့် အဆုတ်ဒေသများ တစ်ဝိုက်တွင် ပို၍ဝယ်တတ်ကြကြောင်းလည်း ပြောခဲ့သည်။

မြန်မာနိုင်ငံသား အလယ်အလတ်တန်းစား ဝယ်ယူသူများကမူ အေရီး(Aree) နှင့် ဖါရာထိုင်း နယ်မြေများတစ်ဝိုက်ရှိ ဘတ်ငွေ ၅ သန်းမှ ၁၀ သန်းကြားရှိ အိမ်ရာများကိုဝယ်တတ်ကြကြောင်း၊ အထူးသဖြင့် မိုးပျံရထား၊ မြေအောက်ရထားလိုင်းများတစ်လျှောက်တွင်ဖြစ်ကြကာ ပို့ဆောင်သွားလာရေးလွယ်ကူပြီး ငှားရန်(သို့မဟုတ်)ပြန်ရောင်းရန်ကောင်းမွန်သော အခွင့်အလမ်းရှိသည့်နေရာများတွင် ဖြစ်ကြကြောင်းလည်း ပြောခဲ့သည်။

၎င်းက “အဲဒီလိုနေရာတွေမှာ ဝယ်သူတွေမှာတော့ လူငယ်ပိုင်းများပြီး ငှားဖို့ ဒါမှမဟုတ် ပြန်ရောင်းဖို့ စိတ်ကူးသူတွေဖြစ်ကြတယ်။ သူတို့တွေက ကြိုတင်အရောင်းကာလထဲမှာကို မကြာခဏဆိုသလို အရ ဝယ်ထားတတ်ကြတယ်” ဟု ထပ်မံပြောခဲ့သည်။

ချမ်းသာသည့် မြန်မာသူဌေးကြီးများကမူ ဖူးခက်မြို့ရှိ ရေကူးကန်ပါပါသော ဘတ်သန်း ၄၀ ကျော်မည့် ဇိမ်ခံအိမ်ရာများတွင် ဝယ်ယူသည်ကိုပင်တွေ့ရကြောင်း ပိုဘာ ကဆိုသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းကမူ မြန်မာနိုင်ငံနှင့်လည်းမဝေးလှသည့်အားလျော်စွာ မြန်မာနိုင်ငံသားအများအပြားက ချင်းမိုင်မြို့တွင်ဆိုလျှင် လာရောက်၍အိမ်ရာအဆောက်အအုံများဝယ်ယူကြကြောင်းလည်း သိ ရသည်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *