October 19, 2024

၂၇. ၂. ၂၀၂၄
Written by Pan Ei

တောင်ကိုရီးယားက နာမည်ကြီး မင်းသား လီဂျယ်ဝု နဲ့ နာမည်ကြီး အမျိုးသမီးအဆိုရှင်အဖွဲ့ Aespa ရဲ့ အဖွဲ့ဝင် ကယ်ရီနာ တို့ဟာ ချိန်းတွေ့နေကြပြီလို့ ဒီနေ့ မနက်မှာ Dispatch က ဖော်ပြခဲ့အပြီး အခုအခါမှာတော့ သူတို့နှစ်ဦးသားရဲ့ အေဂျင်စီတွေကပါ သတင်းတွေကို ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

Dispatch ရဲ့ဖော်ပြချက်အရ ကြယ်ပွင့်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က အီတလီနိုင်ငံ၊ မီလန်မြို့မှာ ကျင်းပတဲ့ Prada ဖက်ရှင်ရှိုးမှာ စတင်တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ချိန်းတွေ့ခဲ့ကြတာဖြစ်တယ်လို့ သိရကာ လီဂျယ်ဝု နေထိုင်ရာ ရပ်ကွက်မှာ သူတို့နှစ်ဦးက ဆုံလေ့ရှိပြီး ညဉ့်နက်မှာ လမ်းလျှောက်ထွက်လာကြတာကိုလည်း တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲ့ဒီ အစီရင်ခံစာနဲ့ပတ်သက်ပြီး လီဂျယ်ဝုရဲ့ အေဂျင်စီက “ကျွန်တော်တို့ လောလောဆယ် စစ်ဆေးနေပါတယ်။” လို့ ဖြေကြားခဲ့ပေမဲ့ အခုအခါမှာတော့ အတည်ပြုခဲ့ခြင်းဖြစ်ကာ “သူတို့နှစ်ယောက်ဟာ လတ်တလောမှာ တစ်ယောက်နဲ့တစ်ယောက် သိရှိအောင်လေ့လာနေကြဆဲပါ။ မင်းသားက ရိုက်ကူးရေးတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီးတော့လည်း နွေးထွေးစွာနဲ့ လေးစားပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

လီဂျယ်ဝုနဲ့ ကယ်ရီနာ တို့ဟာ ပရိသတ်အချစ်တော် နာမည်ကြီး ကြယ်ပွင့်တွေ ဖြစ်နေကြတာနဲ့အညီ သူတို့ရဲ့ Dating သတင်းက ပရိသတ်တွေအကြား အလွန်ရေပန်းစားလျက်ရှိနေပြီး ဝမ်းသာဂုဏ်ယူပေးနေကြသလို နှမြောတသဖြစ်နေကြသူတွေလညိး ရှိနေပါတယ်။

လီဂျယ်ဝု ဟာ ၂၀၁၈ ခုနှစ်က tvN ရဲ့ “Memories of the Alhambra” နဲ့ ပွဲဦးထွက်ခဲ့ပြီး မနက်ဖြန်မှာ ထွက်ရှိတော့မဲ့ ပရိသတ်တွေ စောင့်ဆိုင်းနေကြတဲ့ “The Impossible Heir” ဆိုတဲ့ ဒရမ်မာမှာလည်း ဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပါသေးတယ်။ အဆိုတော် ကယ်ရီနာကလည်း ၂၀၂၀ ပြည့်နှစ်က မိန်းကလေးအဖွဲ့ Aespa ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ် ပွဲဦးထွက်ခဲ့ပြီး အဖွဲ့ရဲ့ “Black Mamba”၊ “Next Level”၊ “Savage”၊ “Girls”၊ “Spicy” နဲ့ “Drama” တို့လိုမျိုး သီချင်းတွေနဲ့ ထင်ရှားတဲ့ အောင်မြင်မှုရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *