October 20, 2024

တိုက်ပွဲအတွင်းသေသည့် ချင်း PDF ၆ ဦးတွင် တပ်မှူးတစ်ဦးနှင့် စနိုက်ပါသမားတစ်ဦး ပါဝင်

၂၇. ၂. ၂၀၂၄
Written by Nay Moe

မနေ့က ချင်း PDF အဖွဲ့ ၂၀ ကျော် စုပေါင်းပြီး ကလေးတက္ကသိုလ်ကို တိုက်ခိုက်ချိန်မှာ ဆရာ၊ ဆရာမနဲ့ ကျောင်းသားကျောင်းသူ ၁၄၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့လည်း တပ်မတော်က ပြန်လည်တိုက်ထုတ်တာကြောင့် ချင်း PDF တွေဘက်က ခြောက်ဦးသေခဲ့ပါတယ်။

ဖြစ်စဥ်ဟာ မနေ့က မနက် ၅ နာရီကျော်မှာ ချင်း PDF ပူးပေါင်းတပ်တွေက ကလေးတက္ကသိုလ်ကို ဝင်ရောက်စီးနင်းပြီး ဆရာ၊ ဆရာမနဲ့ ကျောင်းသားကျောင်းသူ ၅၀၀ ခန့်ကို ဖမ်းဆီးနေချိန်မှာ တပ်မတော်ကအချိန်မီလိုက်လံရှင်းလင်းတာကြောင့် အစောပိုင်းမှာ ဖမ်းဆီးမိသွားတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသားကျောင်းသူ ၁၄၀ ကျော်ကိုပဲ ချင်းပူးပေါင်းတပ်တွေက ဖမ်းနိုင်ခဲ့တာဖြစ်ပြီး ဆုတ်ခွာပြေးချိန်မှာ ချင်း PDF ဘက်က ခြောက်ယောက်သေခဲ့တာဖြစ်ပါတယ်။

လက်နက်မဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသားကျောင်းသူတွေကို ဝင်ရောက်ဖမ်းဆီးတာက NUG လက်အောက်ခံ ကလေးခရိုင် PDF တပ်ရင်းတွေနဲ့ အထူးလှုပ်ရှား တပ်ရင်းတွေ၊ ကလေးခရိုင် မိုင်းတပ်ဖွဲ့၊ ကလေးခရိုင်/မြို့နယ် ပကဖ၊ ကလေးမြို့ပြစီမံချက် (UG) တပ်ဖွဲ့၊ VOKOK(PDF) တပ်ရင်း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin စတဲ့ ချင်း PDF ပူးပေါင်းတပ်တွေဖြစ်ပါတယ်။

ဒီ ကလေးတက္ကသိုလ်တိုက်ခိုက်မှုဖြစ်စဥ်မှာ သေသွားတဲ့ PDF တွေက ချင်းအမျိုးသားတပ်ဦးက စနိုက်ပါသမား ပုခက်(Pakhat)နဲ့ Thian Sial Thang ချင်းအမျိုးသားတပ်ဦး/ရိုင်ဖယ်တပ်ရင်းက တပ်မှူး မှန်ဂိုင်ဇလာ (Hmangaihzuala)၊ CDF – KKG က Sui Lian Sang နဲ့ ကလေး PDF နှစ်ဦးတို့ဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ကလေးမြို့ကို ချင်းအမျိုးသားတပ်ဦးအပါအဝင် ချင်း PDF တွေက ​ဖေဖော်ဝါရီ တတိယပတ်မှာ စတင်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက CNDF ဒုတိယစစ်ဦးစီးချုပ်လင်မယားအပါအဝင် ချင်း PDF လေးဦးလည်း သေဆုံးခဲ့မှု ဖြစ်ပွားထားလို့ အခုလို လက်နက်မဲ့ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး တပ်မတော်ကတော့ ၂၈၅ ဦးပဲ ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း ကယား PDF တွေက လွိုင်ကော်တက္ကသိုလ်ကို စီးနင်းကာ ပါမောက္ခချုပ်နဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူ ၃၀၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်မှုပြုလုပ်ခဲ့လို့ လွိုင်ကော်တက္ကသိုလ်ဟာ ဒီနေ့အထိ ပိတ်ထားရပြီး ကယားပြည်နယ်က ကျောင်းသားကျောင်းသူတွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးနေရပါတယ်။

ပုံစာ။ ကလေးတက္ကသိုလ်ကို တိုက်ခိုက်ဖျက်ဆီးကာ လက်နက်မဲ့ ဆရာဆရာမများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများကို ဝင်ဖမ်းသည့် ချင်း PDF များ သေဆုံးမှုမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *