၂၇. ၂. ၂၀၂၄
Written by Thettant
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအနောက်ပိုင်းမှ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၅ နာရီခန့်က ပျောက်ဆုံးသွားသည့် အသက် ၃ နှစ်အရွယ်သားငယ် မောင်ဇွဲမာန်သစ်မှာ ဦးခေါင်းဒဏ်ရာဖြင့် ရေထဲတွင် သေဆုံးလျက်သား ပြန်လည်တွေ့ရှိခဲ့သည်။
ပျောက်ဆုံးနေသည့် သားငယ် မောင်ဇွဲမာန်သစ်သည် ဦးအေးဇော်မြင့်နှင့် ဒေါ်နွယ်နွယ်စိုးတို့၏ အငယ်ဆုံးသားဖြစ်ပြီး ဖေဖော်ဝါီရီ ၂၄ ရက် ညနေ ၅ နာရီကျော်က ထမင်းစားမည်ပြော၍ မိခင်ဖြစ်သူက နေအိမ်ပေါ်ထမင်းတက်ခူးပြီး စားဖို့ခေါ်ချိန် ရောက်မလာ၍ ထွက်ကြည့်ချိန်မှ ကလေးငယ်ပျောက်သွားသည်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ပျောက်ဆုံးသည့်နေ့မှ လိုက်လံရှာဖွေရာ ယနေ့နံနက် ၇ နာရီခန့်တွင် ကလေးငယ်ကို နေအိမ်အရှေ့တောင်ထောင့် ကားလမ်းဖြတ်ကူးရသည့် ရေသေအိုင်အတွင်း ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးလျက်သား ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
“အိမ်နဲ့နီးတယ်ဆိုပေမဲ့ ကားလမ်းမကြီးဖြတ်ပြီးသွားမှ ရောက်တဲ့နေရာကို သုံးနှစ်သားကလေးက ခေါင်းဒဏ်ရာနဲ့ ရောက်မသွားနိုင်ဘူးပေါ။ တစ်ချက်က ကလေးက လမ်းပေါ်ထွက်တုန်း ကား၊ ဆိုင်ကယ်နဲ့တိုက်ပြီး တိုက်မိသူကအမှုပတ်မှာစိုးလို့ ရေထဲစွန့်ပစ်သလားပေါ့။ အခုတော့ အမှုကိုသေချာစစ်ဆေးနေကြပါတယ်”ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် သေဆုံးလျက်သားပြန်တွေ့ရသည့် ကလေးငယ်ကို ယနေ့တွင်ပင် ရှမ်းစုသုသာန်၌ သင်္ဂြိုဟ်ရန် စီစဥ်ထားသည်ဟု သိရှိရသည်။
“မချိမဆန့် Dead Body ဒီအရွယ်နဲ့ ဒီဒဏ်ရာ မျှတရဲ့လားကွာ။ နောက်ဆုံးခရီး ဒီနေ့ပဲ စီစဥ်လိုက်ရတော့တယ် ရှမ်းစုသုသာန်” ဟု ဖခင်ဖြစ်သူက လူမှုကွန်ရက်တွင်ရေးသားထားသည်။
ပုံစာ။ ပျောက်ဆုံးနေသော မောင်ဇွဲမာန်သစ် ပြန်လည်တွေ့ရှိသောပုံရိပ်နှင့် ရှင်သန်စဥ်မြင်ကွင်းတချို့။