၂၆. ၂. ၂၀၂၄
Written by Naing Thuta
ဟင်းချက်ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းကာ နေအိမ် ၃ လုံးမီးထဲပါသွားမှု ကျောက်ပန်းတောင်းမြို့နယ်တွင် ယနေ့ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၂၆ ရက်နေ့)မနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပင်ကျေးရွာအုပ်စု၊ လက်ပံပင်ကျေးရွာတွင် နေထိုင်သည့် အသက် ၅၀ အရွယ်အမျိုးသမီးကြီးပိုင်ဆိုင်သော နေအိမ်၌ ဟင်းချက်ပြုတ်သည့် မီးဖိုမီးမှ စတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး အနီးနားရှိ နေအိမ်၂ လုံးနှင့် နွားတင်းကုပ် ၂ လုံးကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ် ၃ စီး၊ ကျောက်ပန်းတောင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီးနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီတွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ မီးလောင်ကျွမ်းမှုဖြစ်ပွားအောင် မီးပေါ့ဆစွာ သုံးစွဲခဲ့သူအား ဥပဒေနှင့်အညီ နယ်မြေခံရဲစခန်းမှ အမှုဖွင့်ကာ အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။