၂၆. ၂. ၂၀၂၄
Written by Hey Mar
ဖေဖော်ဝါရီ ၂၆ ရက်နေ့ တစ်နေ့တည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ အိမ်ခြေမဲ့ အမျိုးသား နှစ်ဦးသေဆုံးခဲ့ပြီး ဒေသခံ လူမှုကူညီရေးအသင်းက ရုပ်အလောင်းကောက်ယူခဲ့ရတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က ရပ်ကွက်(၅)၊ရေကန်တောင်၊ ရေကန်အမှတ်(၁)၊ နတ်စင်အနောက်ရှိ တောအုပ်ထဲမှာ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း တာဝန်သိပြည်သူတစ်ဦးက သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆက်သွယ် အကြောင်းကြားတာကြောင့် တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာနေရာကို သွားရောက်ကာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးနောက် သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကို သယ်ဆောင်ဖို့ လားရှိုးလူငယ်ပရဟိတအဖွဲ့ထံ ဆက်သွယ်ညွှန်ကြားလာတယ်လို့ သိရပါတယ်။
အဆိုပါ ပရဟိတအဖွဲ့က လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှ တစ်ဆင့် ရင်ခွဲရုံဆီ (PR-002)နဲ့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနေ့လယ် ၁ နာရီဝန်းကျင်ခန့်မှာပဲ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ ရေကန်တောင်၊ ရှင်းလင်းဆောင်ထဲမှာ နောက်ထပ် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထပ်မံ သေဆုံးနေကြောင်း ဆက်သွယ်လာတာကြောင့် တာဝန်ရှိသူတွေက လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးနောက် သေဆုံးသူ ရုပ်အလောင်းကို လားရှိုးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကိုပဲ (PR-004)နဲ့ ထပ်မံ ပို့ဆောင်ကူညီပေးခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးသူ နှစ်ဦးစလုံးမှာ အမည်၊ နေရပ် မသိရှိရသေးဘဲ လူမှုကွန်ရက်ကနေတစ်ဆင့် မိသားစုဝင်တွေ သိရှိနိုင်ဖို့လည်း ပရဟိတအသင်းက အကူအညီတောင်းခံထားပါတယ်။
လားရှိုးမြို့မှာ မူးယစ်ဆေးဝါး သုံးစွဲ ပျံ့နှံ့မှု မြင့်မားနေပြီး လစဥ် ပိုင်ရှင့်မဲ့အလောင်းကောက်ရတဲ့ဖြစ်စဥ် ၅ ကြိမ်ထက်မနည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ သေဆုံးသူ အရွယ်ကောင်းအမျိုးသားတွေကလည်း မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲကာ မိသားစုအတွင်းအကြမ်းဖက်တာ၊၊ ပြဿနာပြု ရန်ပြုတာတွေ တချို့ကျူးလွန်တာကြောင့် မိသားစု ကိုယ်တိုင်က စွန့်ပစ်တာမျိုးတွေရှိပြီး သူတို့ကိုယ်တိုင်ကလည်း လွတ်လပ်ရာနေရာ ရှာဖွေနေထိုင်ရင်း သေဆုံးတဲ့အခါ အခုလိုပိုင်ရှင်မဲ့ အဖြစ်သင်္ဂြိုဟ်ရတဲ့ဖြစ်စဥ်တွေလည်း ရှိသလို မိသားစုက သိရှိသင်္ဂြိုဟ်ပေးတာတွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောစကားအရ သိရပါတယ်။