၂၆.၂.၂၀၂၄
Written by KL
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့ ၊ ချင်းတွင်းမြစ်လယ်တွင် သောင်တင်ရပ်နားထားသော ရေယာဥ်ရှိ ဆီသိုလှောင်ကန် ပေါက်ကွဲမီးလောင်ပြီး လူတစ်ဦးသေဆုံးမှု ဖေဖော်ဝါရီ ၂၄ ရက် ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ အရှည် ၁၆၅ ပေ ၊ အနံ ၃၆ ပေ၊ အမြင့် ပေ၂၀ ကျော်ရှိသော ဖလက်ရေယာဥ်၏ ဝမ်းဗိုက်ထဲရှိ ဆီသိုလှောင်ကန်မှဆီကို ရေယာဥ်၏ အင်ဂျင်ထဲထည့်ရန် ဘထ္ထရီဖြင့် ဆီထည့်ရာမှ ဘထ္ထရီပွင့်ထွက်ပြီး မီးပွားများက ဆီသိုလှောင်ကန်ပေါ်သို့ကျရာက မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
ဆီသိုလှောင်ကန် ပေါက်ကွဲမီးလောင်မှုကြောင့် ဒီဇယ်ဂါလံ ၆၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ဆီဖြည့်သူ ရေယာဥ်ပိုင်ရှင်ဖြစ်သော အသက် ၃၃ နှစ်အရွယ် ဦးသန်းဌေးအောင်မှာ ရေယာဥ်မှလွင့်စင်ပြီး ဒဏ်ရာများရရှိကာ ဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရသည်။
” ဆီလှောင်ကန်ပေါက်ကွဲပြီး မီးဟပ်တော့ ရေယာဥ်ပိုင်ရှင်က လွင့်ထွက်ပြီးပြုတ်ကျသွားတာ။ ပဲ့ပိုင်းနားမှာကပ်နေပြီး အကူအညီတောင်းနေသေးတယ်။ သူ့ကိုကယ်ပြီးတော့ ဆေးရုံပို့တဲ့အချိန်မှာပဲ လမ်းမှာဆုံးသွားတာ”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။
ရေယာဥ်မီးလောင်မှုကို မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးက စက်လှေများဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၇ နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရပြီး ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၆နာရီ မိနစ် ၅၀ ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။