၂၆.၂.၂၀၂၄
Translated by Htwe Ko Tun
နယူးဇီလန်နိုင်ငံ၊ ပါပါရိုအာ ဒေသအတွင်း ကျင်းပလျက်ရှိသော Arcadia Road Rallysprint မော်တော်ကားမောင်းပြိုင်ပွဲတွင် ဖေဖော်ဝါရီ ၂၅ ရက်က ပါဝင်ယှဉ်ပြိုင်လျက်ရှိသော အသက် ၁၅ နှစ်အရွယ် ပြိုင်ပွဲဝင်ကားမောင်းသမားနှင့် ၎င်းနှင့်အတူလိုက်ပါလာသော အဖော်လမ်းကြောင်းပြတို့၏ကားက လမ်းပေါ်မှ ရေပြည့်နှက်နေသည့် မြစ်တစ်ခုအတွင်း ထိုးကျနစ်မြုပ်သွားခဲ့ရာတွင် နှစ်ဦးစလုံး သေဆုံးခဲ့ရကြောင်း သိရသည်။
ပြိုင်ပွဲဝင်ယာဉ်မောင်းက အသက် ၁၅ နှစ်ခန့်သာရှိသေးသော ဘရွတ်ကလင်း ဟိုရန် ဆိုသူဖြစ်ပြီး ၎င်း၏အဖော်လမ်းကြောင်းပြမှာ အသက် ၃၁ နှစ်ရှိ တိုင်ဆန် ဂျန်မက် ဆိုသူတို့ဖြစ်ကာ ဖေဖော်ဝါရီ ၂၅ ရက် ဒေသစံတော်ချိန် မွန်းလွဲနှစ်နာရီခန့်တွင် ပြိုင်ပွဲကျင်းပနေစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဟိုရန်က အသက် ၁၅ နှစ်သာရှိသေးသော်လည်း နယူးဇီလန် မော်တော်ကားမောင်းပြိုင်ပွဲလောကတွင် ထင်ရှား လူသိများသူတစ်ဦးဖြစ်သည်။ တိုင်ဆန် ဂျန်မက် ကိုလည်း ထိုကားမောင်းပြိုင်ပွဲလောက၌ မိသားစု စိတ်ဓာတ်ရှိသော ကြင်နာတတ်သူတစ်ဦးအဖြစ်သိထားကြရာ ၎င်းတို့နှစ်ဦး၏ အဖြစ်အတွက် နယူးဇီလန် မော်တော်ယာဉ်မောင်းပြိုင်ပွဲလောကတစ်ခုလုံးကပင် ဝမ်းနည်းကြေကွဲလျက်ရှိကြကြောင်း သိရသည်။
ဟိုရန်၏ ဖခင်ဖြစ်သူ မှာလည်း လူသိများထင်ရှားသော ပြိုင်ပွဲဝင်ကားမောင်းသမားတစ်ဦးဖြစ်သည့် ရန်နာ ဟိုရန် ဆိုသူဖြစ်ပြီး ဆုတံဆိပ်များစွာ ရခဲ့သူဖြစ်သည်။
ပုံစာ။ သေဆုံးခဲ့သူနှစ်ဦးမြင်ကွင်း။
Ref- Dailymail.co.uk