၂၆. ၂. ၂၀၂၄
Written by Hey Mar
မနေ့က ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကလေးမြို့နဲ့ ရေးမြို့တို့ကနေ ကလေးပျောက်ဆုံးကြောင်း လူမှုကွန်ရက်စာမျက်နှာကနေ တစ်ဆင့်အကူအညီ တောင်းခံလာတဲ့ ဖြစ်စဥ်နှစ်ခု အနက် ရေးမြို့က ကလေးငယ်ကို နေ့ချင်း ပြန်တွေ့ပေမယ့် ကလေးမြို့က ကလေးငယ်ကတော့ စိုးရိမ်ရတဲ့ အနေအထားနဲ့ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း MT News က စုံစမ်းမေးမြန်းမှုတွေအရ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က မမေဇင်ကျော် ဆိုတဲ့ အသက်လေးနှစ်အရွယ် မိန်းကလေးငယ်နဲ့ မွန်ပြည်နယ် ရေးမြို့က အသက် ခြောက်နစ်အရွယ် မခရေဖူးဆိုတဲ့ မိန်းကလေးငယ်နှစ်ဦး ၊ ပျောက်ဆုံးနေကြောင်း အကူအညီပေးကြပါဆိုတဲ့ Post တွေ လူမှုကွန်ရက်ပေါ်မှာ မနေ့က ပျံ့နှံ့ခဲ့တာပါ။ မခရေဖူးပျောက်ဆုံးရတဲ့ ဖြစ်စဥ်ကို ရေးမြို့အခြေစိုက် သွေးမေတ္တာလူမှုကူညီရေးအသင်းကို ဆက်သွယ်မေးမြန်းရာမှာ ကလေးငယ်ပြန်တွေ့ပြီး မနေ့က ဖေဖော်ဝါရီ ၂၅ ရက်နေ့အတွင်းမှာပဲ ရဲစခန်းက ဆက်သွယ်စုံစမ်းထိန်းသိမ်းစောင့်ရှောက်ထားရာက မိဘလက်ထံ ပြန်အပ်နှံနိုင်ပြီဖြစ်ကြောင်း MT News ကို ပြောပါတယ်။
အဆိုပါ အသင်းတာဝန်ရှိသူက “ကလေးက ကျွန်တော်တို့ ရေးမြို့ ချောင်းတောင်တံတားနားမှာ ယောင်လည်လည်ဖြစ်နေလို့ တာဝန်သိပြည်သူတစ်ဦးက ရဲကင်းမှာ သွားအပ်တယ်။ ရဲတွေက ဆက်သွယ်ချိတ်ဆက်ပြီး ကလေးရဲ့ အဘွားဆီ ပြန်အပ်နိုင်ခဲ့ပါပြီ။ ကလေးရဲ့ မိဘတွေက နောက်အိမ်ထောင် ကိုယ်စီထူထောင်ထားပြီး ကလေးက အဘွားနဲ့နေရတယ်။ အဘွားဆီမှာကလည်း တခြားသားသမီးတွေက မွေးတဲ့ မြေးက ခြောက်ယောက်တောင်ဆိုတော့ လက်လုပ်လက်စားမို့ အခုပျောက်တဲ့ ကလေးအပေါ် ဂရုစိုက်မှုတော့ လျော့ရဲတာပေါ့။ ကလေးက အမေ့အိမ်ကို ကျောင်းပိတ်ရက်မှာ သွားလည်ပြီး အမေက လာပြန်ပို့သွားတာမကြာသေးဘူး။ အခုက သူ့အမေဆီ သွားမယ်ဆိုပြီး အိမ်ကထွက်လာရင်း ကံကောင်းလို့ အန္တရာယ်မဖြစ်တာ”လို့ ဖြစ်စဥ်ကို ရှင်းပြပါတယ်။
ကလေးမြို့က လေးနှစ်အရွယ် သမီးငယ်လေး မမေဇင်ကျော်ကတော့ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စုံစမ်းမှုအရ တစ်စုံတစ်ဦးက ကလေးကို ခေါ်ယူသွားတဲ့ ဖြစ်စဥ် ပေါ်ပေါက်လာတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ စုံစမ်းသိရှိရပါတယ်။
မမေဇင်ကျော်တို့ မိသားစုက ကလေးမြို့ အောင်သစ္စာရပ်ကွက် ၊ ရွှေကျောင်းတော်အနီးမှာ နေထိုင်ပြီး မမေဇင်ကျော်ရဲ့ အမေက ရပ်ကွက်ထိပ်မှာ အကြော်ရောင်းသလို အဖေက လမ်းတကာလှည့် ရေခဲမုန့်ကို စက်ဘီးနဲ့ရောင်းချသူလို့ သိရပါတယ်။ ဖြစ်စဥ်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းက သားအမိ နှစ်ဦး အလှူအိမ်သွားပြီး အမေဖြစ်သူက အလှူမှာ ပန်းကန်ဆေးကုသိုလ် ဝင်ယူတာကြောင့် မမေဇင်ကျော်ကို အိမ်နီးနားချင်းနဲ့ အိမ်ပြန်ထည့်လိုက်တယ်လို့ သိရပါတယ်။ အိမ်နီးနားချင်းအိမ်မှာ အိပ်နေရင်းက နိုးလာတဲ့ မမေဇင်ကျော်က သူ့အိမ်ကို ပြန်ဖို့ လမ်းမပေါ်အထွက်မှာတင် ပျောက်ဆုံးခဲ့တဲ့ အခြေအနေလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့နီးစပ်သူက “စုံစမ်းမှုတွေအရတော့ မြင်လိုက်တဲ့တချို့က ကလေးကို ဦးထုပ်အဝိုင်းအမဲဆောင်းထားပြီးမက်စ်တပ်ထားတဲ့သူ၊ ခြေတစ်ဖက် ထော့နင်းထော့နင်း ဖြစ်နေတဲ့သူက လက်တွဲပြီး ခေါ်သွားတယ် ပြောတယ်။ သူ့အမေအကြော်ဆိုင်နားမှာ ဆိုင်နီးချင်း မုန့်ဖက်ထုပ်သည်ကလေးတွေဆော့နေတာကို ကလေးက မြင်တော့ နေခဲ့မယ်ပြောတာကို အဲဒီ့လူက ဆွဲခေါ်သွားတယ်လို့လည်း ကလေးတွေဆီကနေ ပြန်ကြားရတယ်”လို့ ပြောပါတယ်။
မမေဇင်ကျော်ရဲ့ ဓာတ်ပုံတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာမှာ ဖြန့်ဝေထားပြီး ဝိုင်းဝန်းကူညီပေးဖို့ကိုလည်း သတင်းဌာနတွေကနေတစ်ဆင့်ပါ အကူအညီတောင်းခံထားတာမို့ ကလေးကို တွေ့ရှိပါက 09400534269 ,09983372997,09987061344 တို့ကို ဆက်သွယ်ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
ပုံစာ။ ပျောက်ဆုံးနေဆဲ သမီးငယ် မမေဇင်ကျော်။