၉.၂.၂၀၂၄.
Translated by Htwe Ko Tun
အနောက်ဘက်ကမ်းဒေသ အစ္စရေးသိမ်းပိုက်ထားသော နယ်မြေအစိတ်အပိုင်းများကို အုပ်ချုပ်မှုပြုလျက်ရှိသည့် ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက် ရှတေရိ (Mohammad Shtayyeh) နှင့် ၎င်း၏အစိုးရအဖွဲ့တို့က တာဝန်မှနုတ်ထွက်စာကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ သမ္မတ မာမွတ် အက်ဘားစ်ထံ ဖေဖော်ဝါရီ ၂၆ ရက်တွင်တင်သွင်းခဲ့ကြောင်း သိရသည်။
ရှတေရိက ၎င်းအနေဖြင့် တာဝန်မှ နုတ်ထွက်ခဲ့ရခြင်းမှာ ဂါဇာဒေသတွင် ဟားမားစ်အုပ်စုကို စစ်ရေးအရ အစ္စရေးကတိုက်ခိုက်မှုနောက်ပိုင်း နိုင်ငံရေးအစီအစဉ်များနှင့်ပတ်သက်၍ ပါလက်စတိုင်းတို့အတွင်း ကျယ်ပြန့်သောအများသဘောတူဆန္ဒကို ဖွဲ့စည်းတည်ဆောက်နိုင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာအသိုက်အဝန်းက ဂါဇာစစ်ပွဲကိုရပ်တန့်ရန်ဆောင်ရွက်မှုများနှင့် စစ်ပွဲအပြီး ဂါဇာကမ်းမြောင် ဒေသ ကိုအုပ်ချုပ်ရန် နိုင်ငံရေးဖွဲ့စည်းတည်ဆောက်မှုအတွက်ဆောင်ရွက်မှုတို့ပို၍ အရှိန်မြင့်လာသကဲ့သို့ အမေရိကန်အစိုးရကလည်း ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် ဖိအားပေးမှုများ မြင့်တက်လာသည့်အကြားတွင် ဤကဲ့သို့ ဝန်ကြီးချုပ် ရှတေရိ နှင့်အစိုးရအဖွဲ့၏ နုတ်ထွက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
သမ္မတမာမွတ်အက်ဘားစ်အနေနှင့် ရှတေရိနှင့်အစိုးရအဖွဲ့၏ နုတ်ထွက်လွှာကို လက်ခံမည်ဖြစ်သော် လည်း အစိုးရသစ်တစ်ရပ် အစားထိုးပြီးသည်အထိ အိမ်စောင့်အစိုးရတစ်ရပ်အဖြစ် ဆက်လက်တာဝန်ယူရန်ပြောကြားလိမ့်မည်ဟု ယူဆရသည်။
Ref-CNBC