MT News
၂၆. ၂. ၂၀၂၄
နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုအလုံးစုံတားဆီးပိတ်ပင်ရေး စာချုပ်အဖွဲ့အစည်းက မြန်မာနိုင်ငံကို CBS Equipment များ ပံ့ပိုးပေး၍ မကြာမီတပ်ဆင်အသုံးပြုမည်ဖြစ်ကြောင်း CTBTO Preparatory Commission အမှုဆောင်အတွင်းရေးမှူးနှင့် ဗီယင်နာမြို့အခြေစိုက် အာဆီယံအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ သံအမတ်ကြီး/ အမြဲတမ်းကိုယ်စားလှယ်များ၊ အဖွဲ့ရုံးယာယီတာဝန်ခံများ၏ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာအဖွဲ့ရုံး ယာယီတာဝန်ခံ တက်ရောက်စဥ် ဆွေးနွေးပြောကြားမှုအရ သိရသည်။
The Comprehensive Nuclear-Test-Ban Treaty Organization (CTBTO) Preparatory Commission အမှုဆောင်အတွင်းရေးမှူး Dr. Robert Floyd နှင့် ဗီယင်နာမြို့အခြေစိုက် အာဆီယံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ သံအမတ်ကြီး/ အမြဲတမ်းကိုယ်စားလှယ်များ၊ အဖွဲ့ရုံးယာယီ တာဝန်ခံများ၏ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် Vienna International Centre ရှိ CTBTO အစည်းအဝေးခန်း၌ ကျင်းပခဲ့ရာ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ ဒေါ်စုစုဝင်း တက်ရောက်ခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုအလုံးစုံတားဆီးပိတ်ပင်ရေး စာချုပ် (The Comprehensive Nuclear-Test-Ban Treaty – CTBT) အသက်ဝင်လာရေး၊ အဖွဲ့ဝင်နိုင်ငံများ၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ CTBTO ကော်မရှင်၏ ခေတ်မီတိုးတက်သည့် သိပ္ပံနည်းပညာများဖြင့် နျူကလီးယားစမ်းသပ် ဖောက်ခွဲမှုများကိုသာမက မြေငလျင်၊ မိုးလေဝသ၊ ဆူနာမီနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်မှုများကို လေ့လာနိုင်ရေး၊ အာဆီယံနှင့် CTBTO တို့အကြား ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်၍ စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များ ကျင်းပရေး၊ သတင်းအချက်အလက်နှင့် နည်းပညာအတွေ့အကြုံများဖလှယ်ရေးနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ ကျွမ်းကျင်မှုများပံ့ပိုးပေးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မြန်မာအဖွဲ့ရုံး ယာယီတာဝန်ခံက CTBTO မှ မြန်မာ နိုင်ငံသို့ CBS Equipment များ ပံ့ပိုးပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံရှိ National Data Center က ယင်း CBS Equipment များအား လွန်ခဲ့သောရက်သတ္တပတ်အတွင်း လက်ခံရရှိခဲ့ပြီးဖြစ်၍ CTBTO ကျွမ်းကျင်ပညာရှင်၏ မြန်မာနိုင်ငံ၌ စက်ပစ္စည်းတပ်ဆင်အသုံးပြုနိုင်ရေး ကူညီဆောင်ရွက်ပေးမှုလုပ်ငန်းစဉ်ကို မကြာမီ စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။