၂၆. ၂. ၂၀၂၄
Written by Nay Aung
ထိုင်းရဲတပ်ဖွဲ့သည် ဆာရာဘူရီပြည်နယ် နွန်ပလာမိုအရပ်ဒေသရှိ ဟေမရဋ်အိမ်ရာအဆောက်အဦတွင်ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားတစ်ဦးကို စုံစမ်းရှာဖွေနေကြောင်း သိရသည်။
အဆိုပါ အိမ်ရာအဆောက်အဦတွင် အခန်းပေါင်း ၂၀ ကျော်ရှိရာ မြန်မာနှင့်လာအိုနိုင်ငံသားများ အများဆုံးငှားရမ်းနေထိုင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ နွမ်ခဲ့ ရဲစခန်းမှတာဝန်ရှိသူများသည် အဆိုပါအိမ်ရာရှိ အခန်းတစ်ခုတွင် လူသတ်မှုဖြစ်ပွားသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက်ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးစုံစမ်းခဲ့ရာ အသက် ၂၀ အရွယ်ရှိ မြန်မာအမျိုးသမီး မသူဇာ ဆိုသူကို သွေးအိုင်ထဲတွင် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထိုင်းရဲတပ်ဖွဲ့က မသူဇာသည် အရှည် ၁၀ စင်တီမီတာအရှည်ရှိ သစ်သီးလှီးဓားဖြင့် လည်ပင်း၊ ဝမ်းဗိုက်၊ ခန္ဒာကိုယ်တို့တွင် ထိုးခုတ်ခံရကာ သေဆုံးခဲ့ခြင်းမျိုးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
မြန်မာအမျိုးသမီးကို သတ်ခဲ့သူသည် အသက် ၂၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ဟိန်းထက်ဇော်ဆိုသူဖြစ်နိုင်ဖွယ်ရှိနေကြောင်း၊ ဟိန်းထက်ဇော်နှင့် မသူဇာတို့သည် ချစ်သူများဖြစ်ပြီး အခန်းတွင်အတူငှားရမ်းနေထိုင်နေသူများဖြစ်ကြောင်း ၎င်းတို့အခန်းဝန်းကျင်တွင်နေထိုင်သူများက ပြောသည်။
လူသတ်မှုဖြစ်ပွားခဲ့သော အခန်းနားတွင်နေထိုင်သူများက ဟိန်းထက်ဇော်ဆိုသူသည် မသူဇာ၏အခန်းထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း၊ မသူဇာနှင့် အခြားအမျိုးသား တစ်ဦးတို့ ဖုန်းကို အသုံးပြုကာ လူမူကွန်ရက်စာမျက်နှာမှတစ်ဆင့် စကားပြောဆိုနေခြင်းကို သံသယဖြစ်ပွားကာ
ဖုန်းတောင်းခဲ့ရာမှ အငြင်းပွားမှုဖြစ်ပွားခဲ့ခြင်းမျိုးဖြစ်ကြောင်း ပြောသည်။ ဟိန်းထက်ဇော်သည် မသူဇာ၏ ဖုန်းကိုစစ်ဆေးကြည့်ချိန်တွင် မသူဇာနှင့် အခြားအမျိုးသားတစ်ဦးတို့ လူမူကွန်ရက်အက်ပလီကေးရှင်းတစ်ခုမှ ချစ်ကြိုက်နေသည့် ဆွေးနွေးပြောဆိုခဲ့ခြင်းမျိုးကိုတွေ့မြင်ခဲ့ပြီးနောက် မနာလိုဖြစ်ကာ သတ်ဖြတ်ခဲ့ခြင်းမျိုးဖြစ်ကြောင်း အခန်းဝန်းကျင်တွင် နေထိုင်သူများကပြောသည်။
Ref amarintv