၂၆. ၂. ၂၀၂၄
Written by Pan Ei
အိန္ဒိယနိုင်ငံက ကုန်တင်ရထားတစ်စင်းဟာ မနေ့က ဖေဖော်ဝါရီ ၂၅ ရက်မှာ မောင်းနှင်သူမပါဘဲ ၈၀ ကီလိုမီတာ (၄၉ ဒသမ ၇ မိုင်) နီးပါးအထိ အရှိန်ပြင်းပြင်းနဲ့ ခရီးနှင်သွားခဲ့တဲ့ဖြစ်စဥ်ရဲ့ ရင်းမြစ်ကို အိန္ဒိယမီးရထားအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေထားတဲ့ ဗီဒီယိုတွေမှာလည်း ကျောက်ခဲတွေ သယ်ဆောင်လာတဲ့ အတွဲ ၅၃ တွဲပါတဲ့ ကုန်တင်ရထားဟာ အရှိန်ပြင်းပြင်းနဲ့ဖြတ်သွားနေတာကို တွေ့ရပြီး အဲ့ဒီရထားဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဂျမူးနယ်မြေ ကသုဝါမြို့က ရထားလမ်းတစ်လျှောက် ကုန်းဆင်းကို အရှိန်ပြင်းပြင်းနဲ့ တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းနီးပါးနဲ့ ဘူတာရုံ ၅ ခုကို ဖြတ်မောင်းပြီး ခရီးနှင်သွားခဲ့တာဖြစ်ပါတယ်။
ကံကောင်းစွာနဲ့ပဲ ရထားရပ်ဖို့ ရထားလမ်းတွေမှာ သစ်သားတုံးတွေကို မီးရထားအရာရှိတွေက ချထားခဲ့ပြီးနောက် ရထားကို ရပ်တန့်နိုင်ခဲ့ပါတယ်။ မောင်းနှင်သူမပါဘဲ ကီလိုမီတာ ၈၀ နီးပါး မောင်းနှင်လာပြီး ပန်ဂျပ်ပြည်နယ် ဟိုရှာပူမြို့မှာ ရပ်တန်နိုင်ခဲ့တဲ့ အဆိုပါရထားရဲ့ဖြစ်စဉ်ကြောင့် လူတစ်ဦးတစ်ယောက်မှတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ကသုဝါမြို့မှာ ရထားအမှုထမ်းအပြောင်းအလဲအတွက် ရထားကို ရပ်တန့်ခဲ့ကာ ယာဉ်မောင်းနဲ့ လက်ထောက်တို့က ဆင်းသက်လာချိန် ရထားက ထွက်ခွာသွားခဲ့တာဖြစ်ပြီး အတည်မပြုရသေးပေမဲ့ အာဏာပိုင်တွေကတော့ ယာဉ်မောင်းဟာ ထွက်ခွာခြင်းမပြုမီ လက်ဘရိတ်ဆွဲဖို့ မေ့သွားတာဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလက်ရှိအထိတော့ ရထားယာဉ်မောင်းကို မဖော်ထုတ်နိုင်သေးပါဘူး။
ပြည်တွင်းမီဒီယာတွေက အဆိုပါဖြစ်စဉ်ကို “ဟောလီးဝုဒ်သည်းထိတ်ရင်ဖိုဖွယ်ဇာတ်ကား Unstoppable” လိုပဲလို့လည်း ဖော်ပြခဲ့ကြပါသေးတယ်။
Times of India ရဲ့ သတင်းတစ်ပုဒ်အရ ရထားလမ်းအရာရှိ ခြောက်ဦးကို အခင်းဖြစ်ပွားပြီးနောက် ဆိုင်းငံ့ထားခဲ့တယ်လို့ သိရသလို အနာဂတ်မှာ ခုလိုဖြစ်ရပ်တွေကို ရှောင်ရှားနိုင်ဖို့ ကသုဝါမြို့မှာ ရပ်တန့်ပြီးနောက် မောင်းသူ မပါဘဲ ရွေ့လျားခဲ့တဲ့ ရထားရဲ့ အကြောင်းရင်းအတိအကျကို ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
Ref; The Independent