၂၆. ၂. ၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားအစိုးရက အငယ်တန်းနှင့် အလုပ်သင်ဆရာဝန်များသည် ဖေဖော်ဝါရီလကုန် နောက်ဆုံးထား၍ ၎င်းတို့၏လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်ကြရန်နှင့် သို့မဟုတ်ပါက အဓိကကျသော သင်ကြားရေးဆေးရုံကြီးအချို့တွင် လူနာများအားကုသမှုမှာ တစ်ပတ်ခန့်ရှိပြီဖြစ်သော၎င်းတို့၏ ဆန္ဒပြမှုကြောင့်ထိခိုက်ခဲ့ရခြင်းအတွက် အရေးယူခံရမည်ဟု ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အိုအများဆုံးနိုင်ငံတစ်ခုလည်းဖြစ်သော တောင်ကိုရီးယား၌ ဆရာဝန်မလုံလောက်မှုကို ကာမိစေရန် အစိုးရက နှစ်စဉ်ဆေးကျောင်းတက်ခွင့်ရသူများ ပိုမိုခေါ်ယူမည်ဟုစီစဉ်ခဲ့ခြင်းအပေါ် နိုင်ငံ၏အလုပ်သင်ဆရာဝန်များနှင့် အငယ်တန်းဆရာဝန်တို့၏ သုံးပုံနှစ်ပုံခန့်သောအင်အားက လမ်းပေါ်ထွက် ဆန္ဒပြလျက်ရှိကြခြင်းဖြစ်သည်။
အလုပ်သင်ဆရာဝန်များ၏ ဆန္ဒပြမှုက ဆေးရုံအများအပြားတွင်ပင် လူနာများကို ထပ်မံလက်ခံနိုင်စွမ်း မရှိတော့သည်သာမက ကုသစောင့်ရှောက်မှု လုပ်ငန်းစဉ်များကိုပါ ထိခိုက်ပျက်ပြားစေလျက်ရှိသည်။
လုံခြုံစိတ်ချရမှုဝန်ကြီးဌာနဝန်ကြီး လီဆန်းမင်က “ဆေးရုံတွေအတွင်းနဲ့ သူတို့ရဲ့ အရေးပေါ်ကုသမှု လုပ်ငန်းတွေမှာပါ ကစဉ့်ကလျားဖြစ်ပြီးအန္တရာယ်ရှိတဲ့ အခြေအနေမျိုးဖြစ်နေချိန်မှာ အစိုးရအနေနဲ့ အခြေအနေကိုသုံးသပ်ပြီး နောက်ဆုံးမေတ္တာရပ်ခံမှုပြုလုပ်ရတာပါ။ ခင်ဗျားတို့အနေနဲ့ ဖေဖော်ဝါရီ ၂၉ ရက် လွန်သည်ထိ ဆန္ဒပြနေကြရင် ဒီလုပ်ငန်းတာဝန်တွေနဲ့ ခင်ဗျားတို့မသက်ဆိုင်ဘူးလို့ ယူဆမှာပါ။ အစိုးရအနေနဲ့ခင်ဗျားတို့ရဲ့ လူနာတွေဘေးမှာ ဆေးကုသရင်း ခင်ဗျားတို့လိုချင်တာတွေကို အထိရောက်ဆုံးပြောကြဖို့ တိုက်တွန်းပါတယ်” ဟု ပြောခဲ့သည်။
အစိုးရက လုပ်ငန်းခွင်ပြန်မလာသော ဆရာဝန်များအား တရားစွဲခြင်းအပြင် ၎င်းတို့အားဖမ်းဆီးခြင်း၊ ဆေးကုသခွင့်လုပ်ငန်းလိုင်စင်များကို ဖျက်သိမ်းခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဟု သတိပေးခဲ့သေးသည်။ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပတ်မင်ဆူး ကလည်း မတ်လ ၁ ရက်အထိ လုပ်ငန်းခွင်ပြန်မဝင်ကြပါက အနည်းဆုံးအနေဖြင့် ဆေးကုသခွင့်လိုင်စင်များအား သုံးလရုပ်သိမ်းပြီး အခြားသော ဥပဒေ ကြောင်း အရေးယူမှုများပြုမည်ဟုလည်း ပြောကြားခဲ့သည်။
ဆန္ဒပြဆရာဝန်များကမူ အစိုးရအနေနှင့် ဆရာဝန်ဦးရေကို တိုးပွားလာဖို့မကြိုးစားခင် လစာပြဿနာနှင့် လုပ်ငန်းခွင်ပြဿနာများကို ဦးစွာဖြေရှင်းပေးရန်တောင်းဆိုခဲ့ကြသည်။
အကြီးတန်းဆရာဝန်များနှင့် ပုဂ္ဂလိကဆေးဘက်ပညာရှင်များက ဆန္ဒပြမှုတွင်မပါဝင်ကြသော်လည်း လူစုလူဝေးများပြုလုပ်ကာ ဆေးကျောင်းများသို့နှစ်စဉ်တက်ရောက်ခွင့် တိုးချဲ့မည့်အစီအစဉ်ကို ဖျက်သိမ်းရန်တောင်းဆိုခဲ့ကြသည်။ ကိုရီးယားပြည်သူအများအပြားကလည်း သမ္မတ ယွန်ကိုယ်တိုင် ဦးဆောင်သည့် အဆိုပါအစီအစဉ်အားထောက်ခံကြကြောင်းတွေ့ရသည်။
သို့ရာတွင် အချို့ဆရာဝန်များက အစိုးရ၏အဆိုပါအစီအစဉ်က ဧပြီလတွင် ပြုလုပ်မည့် အထွေထွေရွေးကေက်ပွဲ၌ မဲပိုမိုရရှိရန် ရည်ရွယ်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပြောခဲ့ကြသည်။
Ref- The Straits Times