◾ ပျောက်ဆုံးကလေးငယ်မှာ အမျိုးသမီးတစ်ယောက်ခေါ်ဆောင်သွားသည်ဟု လင်းညှို့တာရာဟောပြောပြီး ပြည်သူများဝိုင်းဝန်းကူညီရှာဖွေပေးရန်နှင့် မေတ္တာမျှဝေရန်ပါ အကူအညီတောင်းခံလာ
၂၆. ၂. ၂၀၂၄
Written by Thettant
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအနောက်ပိုင်းမှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၅ နာရီခန့်မှာ အသက် ၃ နှစ်အရွယ်သားငယ် မောင်ဇွဲမာန်သစ် နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့ပြီး လက်ရှိအချိန်အထိ လိုက်လံရှာဖွေနေဆဲလို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ သားငယ် မောင်ဇွဲမာန်သစ်ဟာ ဦးအေးဇော်မြင့်နဲ့ ဒေါ်နွယ်နွယ်စိုးတို့ရဲ့ အငယ်ဆုံးသားဖြစ်ပြီး ဖေဖော်ဝါီရီ ၂၄ ရက် ညနေ ၅ နာရီကျော်မှာ ထမင်းစားမယ်လို့ပြောတာကြောင့် မိခင်ဖြစ်သူက နေအိမ်ပေါ်ထမင်းတက်ခူးပြီး စားဖို့ခေါ်ချိန် ရောက်မလာတာကြောင့် ထွက်ကြည့်ချိန်မှကလေးပျောက်သွားတာကို သိရတာလို့လည်း ဖခင်ဖြစ်သူက လူမှုကွန်ရက်မှာ ပြောထားပါတယ်။
လက်ရှိမှာ ကလေးငယ်ကို အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးက ဆိုင်ကယ်နဲ့တင်ဆောင်ခိုးယူပြေးတယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် လိုက်လံရှာဖွေနေတယ်လို့ ကူညီရှာဖွေနေသူတစ်ဦးက ပြောသလို ဖခင်ဖြစ်တဲ့ကိုအေးဇော်မြင့်ကလည်း ကလေးငယ်က စကားနည်းပြီး အနေအေးတာနဲ့ ကလေးကိုတွေ့ရင် မိသားစုဓာတ်ပုံပြဖို့ မိသားစုပုံကို ကလေးကသိတယ်လို့လည်း ပြောပါတယ်။
“ခလေးက စကားနည်းပါတယ်ခင်ဗျ။ ခလေးတစ်ဦးတည်းအကယ်၍ တွေ့ပါက ဒီပုံကိုပြပါခင်ဗျ ဖေဖေ မေမေ မမ ကိုကိုဆိုပြီးထောက်ပြတတ်ပါတယ်ခင်ဗျ
ညောင်လေးပင်ကတွေ့တဲ့ခလေးက မဟုတ်ပါဘူးခင်ဗျ”လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။
လက်ရှိမှာ ကလေးငယ် ပြန်တွေ့ဖို့အတွက် လူမှုကွန်ရက်မှာ လူသိများတဲ့ အစီအရင်ဆရာလင်းညှို့တာရာကလည်း အစီအရင်တစ်ခုပေးထားပြီး ” ကလေးငယ်လေး၏ အခြေအနေမှာ ကြောက်ရွံနေပုံတွေ့ရပါတယ်။ ကျန်းမာရေးကတော့ ကောင်းမွန်လျက်ရှိနေပါတယ်။ အသံဆူသော ဂီတသံတွေ ထွက်လေ့ရှိသောနေရာ ပတ်ဝန်းကျင်မှာ ရှိတတ်ပါတယ်။ ပန်းပင် ပန်းပွင့်များအနီးတွင်ဟူ၍ ခံစားရပါတယ်။ အိမ်နဲ့ အရမ်းဝေးသောနေရာတော့ မရောက်သေးပါ။ အမြန်ဆုံးရှာနိုင်ပါက ကောင်းပါသည်။ တစ်စုံတစ်ဦး က ခေါ်ဆောင်ထားတာပါ။ အမျိုးသမီးတစ်ယောက်ကို မြင်တွေ့ရပါတယ်။ ဖခင်ဖြစ်သူအနေနဲ့ အာရုံကောင်းရပါစေ ဟု ဆုတောင်းပေးလိုက်ပါတယ်။ လူပေါင်းများစွာကူညီမှ ပြန်တွေ့မှာပါ။ “လို့ မေတ္တာမျှဝေခိုင်းထားပါတယ်။
လင်းညှို့တာရာပေးတဲ့ ယတြာကို ဖခင်က လုပ်နိုင်စွမ်းရှိနိုင်မယ် မထင်တဲ့အတွက် ကလေးကို သနားသောသူတွေက” သားလေး မောင်ဇွဲမာန်သစ် ၏ တည်နေရာကို ပတ်ဝန်းကျင်မှ သနားကြင်နာစိတ်ရှိကြသောသူများ သတိထားမိစေရန်အတွက် ဆန္ဒာမာရတီမယ်တော်ကြီး ကောင်းစွာ ညွှန်ပြပေးတော်မူပါ။ ကလေး၏ ပင်ပန်းနွမ်းနယ်မှုကို မယ်တော်ကြီး သိရှိတော်မူပါ၏ ဟု ယုံကြည်ပါတယ်။ ကလေးကို ဖခင်ဖြစ်သူဆီ ပြန်လည်ရောက်ရှိနိုင်ရန်အတွက် အင်အားကို ပေးတော်မူပေးပါ။ စောင့်ရှောက်ပေးပါ။ ကလေးဖြစ်သူကို ဝိုင်းဝန်းသတိထားမိကြ၍ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သောသူများ ရှိလာအောင် ဖန်တီးပေးပါ။ ကူညီပေးပါ။ အမေမယ်တော်ကြီး၏ စွမ်းအားသည် လွန်စွာအင်အားရှိတော်မူပါ၏ ” လို့ ဆုတောင်းပေးကြပါလို့လည်း အကူအညီတောင်းခံထားပါတယ်။
ကလေးငယ်ကို တွေ့မြင်သူတွေအနေနဲ့ မိသားစုတွေကိုင်ဆောင်တဲ့ 09973025423 / 09978320051 / 09967361357 / 09409549437 ကို ဆက်သွယ်ပေးပါလို့လည်း အကူအညီတောင်းခံထားပါတယ်။
ပုံစာ။ ပျောက်ဆုံးနေသော မောင်ဇွဲမာန်သစ်ပုံရိပ်နှင့် မိသားစုဓာတ်ပုံ