၂၆. ၂. ၂၀၂၄
Written by Pan Ei
တရုတ်နိုင်ငံက လူငယ်အများစုဟာ အချစ်ရေးမှာ လက်တွဲဖော်ကို ဆွဲဆောင်နိုင်အောင် ချိန်းတွေ့ရာမှာ မိတ်ကပ်လိမ်းခြယ်လေ့ရှိကြပါတယ်။ Toutiao News ရဲ့ ဖော်ပြချက်အရ လူငယ်မျိုးဆက်သစ်အမျိုးသားတွေဟာ သူတို့ရဲ့ အသွင်အပြင်ကို ပိုမိုအာရုံစိုက်လာကြပြီး စတင်ချိန်းတွေ့ခြင်း(Blind Date) မပြုခင် ပြင်ဆင်ခြယ်သဖို့ ပိုမိုစိတ်ဝင်စားလာကြတယ်လို့လည်း သိရပါတယ်။
ချိန်းတွေ့မှုအသစ်တွေ ဖန်တီးနိုင်ဖို့ တရုတ်နှစ်သစ်ကူးကာလက ရေပန်းအစားဆုံးဖြစ်တာကြောင့် အခုအခါ အမျိုးသားတွေရဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှုတွေလည်း ပိုများလာခဲ့ပြီး မိတ်ကပ်ဝန်ဆောင်မှုတွေအတွက် ဝယ်လိုအားကလည်း မြင့်တက်လာခဲ့တာပါ။
တရုတ်နိုင်ငံက မိတ်ကပ်ပညာရှင်တွေမှာ အမျိုးသားဖောက်သည်တွေကြောင့် အချိန်ဇယားတွေ ပြည့်နေခဲ့ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်ပြည်နယ်က မိတ်ကပ်ပညာရှင် Xiaodan ရဲ့ ပြောကြားချက်အရ မိတ်ကပ်ပြင်ဆင်ခြယ်သဖို့ ဝန်ဆောင်ခဟာ ယွမ် ၂၀၀ နီးပါး (မြန်မာငွေ ကျပ် ၉၀၀၀၀ ဝန်းကျင်) နီးပါးအထိ တက်သွားခဲ့သလို အရင်နှစ်တွေက တခြားအချိန်တွေမှာ ယွမ် ၆၀ သာရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံအရှေ့တောင်ပိုင်းရှိ Guangdong ပြည်နယ်မှ မိတ်ကပ်ပညာရှင် Coco ရဲ့ ပြောကြားချက်အရ အမျိုးသားတွေဟာ သူတို့ရဲ့ အသားအရေနဲ့ မျက်ခုံးကို အာရုံစိုက်လေ့ရှိပြီး တချို့က ဆံပင်ပုံစံကို ပြုပြင်ချင်ကြတယ်လို့ သိရပါတယ်။
ယောက်ျားလေးတွေ မိတ်ကပ်ပိုမိုပြင်ဆင်လာကြတဲ့အပေါ် တရုတ်ဆိုရှယ်မီဒီယာပေါ်မှာ အမြင်ကွဲနေတာတွေရှိပြီး သဘောမကျတဲ့သူတွေလည်းရှိသလို တချို့ကလည်း “ကောင်းမယ်ထင်တယ်။ အမျိုးသားတွေဟာ သူတို့ရဲ့ ချိန်းတွေ့မှုတွေကို စတင်တန်ဖိုးထားလေးစားလာတယ်ဆိုတာ ပြသနေပါတယ်” လို့ အွန်လိုင်းသုံးစွဲသူတစ်ဦးက ပြောပါတယ်။
အမျိုးသားစာရင်းအင်းဗျူရိုရဲ့အချက်အလက်တွေမှာ ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံအတွင်း တစ်ကိုယ်တည်းနေထိုင်သူ သန်း ၂၄၀ ရှိကြောင်းပြသခဲ့ပြီး အသက် ၂၀ နဲ့ ၄၉ နှစ်ကြား တစ်ကိုယ်တည်းအမျိုးသားအရေအတွက်ဟာ တူညီတဲ့ အသက်အုပ်စုက တစ်ကိုယ်တည်းအမျိုးသမီးတွေထက် များစွာ များပြားနေတာပါ။ ဒါ့အပြင် ၂၀၂၂ က စစ်တမ်းတစ်ခုအရ တရုတ်နိုင်ငံမှာ အိမ်ထောင်ပြုသူဦးရေဟာ ၂၀၂၂ ခုနှစ်က ၆ ဒသမ ၈၃ သန်းအထိ ကျဆင်းသွားခဲ့ပြီး ၂၀၂၁ ခုနှစ်နဲ့ ယှဉ်ရင် ၈၀၃၀၀၀ လောက် ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။
Ref; SCMP