၆. ၁၂. ၂၀၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား PDF များက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ဆေးရေးဂိတ်အနီး သွားလာလျက်ရှိသည့် ဒေသခံပြည်သူ ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကာ လာရောက်တိုက်ခိုက်သည့် PDF များမှလည်း နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါစက်မှုဇုန်လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား ဒီဇင်ဘာ ၅ ရက် နေ့လယ် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် PDF များက လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ PDF များသည် အနောက်တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် PDF ၂ ဦး၏ အလောင်း ၂ လောင်းအား သိမ်းဆည်းရမိခဲ့ပြီး ယင်းတို့၏ လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဆေးရေးဂိတ်အနီး သွားလာလျက်ရှိသည့် လမ်းသွားလမ်းလာ ဒေသခံပြည်သူ ၃ ဦးတွင် လက်နက်ငယ်ထိမှန် ဒဏ်ရာများ ရရှိခဲ့သောကြောင့် မုံရွာမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။