October 21, 2024

၂၆. ၂. ၂၀၂၄
Written by Ye Kyaw

ကြားခံပွဲစား မလိုအပ်ဘဲ ကာယကံရှင်ကိုယ်တိုင် နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားနိုင်စေရန် မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူးမြို့တို့ရှိ ရုံးခွဲများတွင် Online Booking စနစ်ဖြင့် Passport များ လျှောက်ထားနိုင်အောင် တိုးချဲ့ဆောင်ရွက်ပေးထားကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်‌ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်‌‌ပေးရေးရုံး (ရန်ကုန်)တွင် Online Booking တင်၍ QR စနစ်ဖြင့် ၂၇၀၀ ဦးနှုန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိသလို နေပြည်တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် သတ်မှတ်လူဦးရေအတိုင်း လည်းကောင်း ရုံးဖွင့်ရက်များတွင် နေ့စဉ် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၆ ရက် (ယနေ့) မှစ၍ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးခွဲများဖြစ်သည့် မန္တလေး၊ ပုသိမ်၊ နေပြည်တော်၊ ပဲခူး ရုံးခွဲများတွင် ‌ဆောင်ရွက်မည့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒသကြီး အိမ်ထောင်စု စာရင်းဝင် နိုင်ငံကူးလက်မှတ် လျှောက်ထားမည့်သူများအတွက် အဆင်ပြေချောမွေ့စေရေးအတွက် KBZ-Pay/ MPU Card ဖြင့် ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက် ၉ နာရီမှစ၍ Online မှ Booking တင်၍ Appointment Date ရယူဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာထားသည်။

သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဝင်သူများ မဟုတ်ပါက Booking ရရှိသော်လည်း ဆောင်ရွက်ပေးမည်မဟုတ်ကြောင်းနှင့် Online မှ Booking ရရှိပြီးသူများ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားမှုအား လဝကမှ စိစစ်ထားသော UID နံပါတ်များရှိပါက တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်သည်။

Online မှ Booking တင်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Website ၏ www.passport.gov.mm တွင် ဝင်ရောက်လျှောက်ထားနိုင်ပြီး KBZ-Pay/ MPU Card ဖြင့် ငွေပေးချေခြင်းဖြင့် ကြားခံပွဲစား/ အကျိုးဆောင်များ မလိုအပ်ဘဲ ကာယကံရှင်ကိုယ်တိုင်သာ လျှောက်ထားနိုင်ရေး စီစဉ်ထားရှိခြင်းဖြစ်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *