October 20, 2024

၂၆. ၂. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းတော်ဝင်ရေတပ်မှ ထိုင်းပင်လယ်ပြင်တွင် ၂၀၂၂ ခုနှစ်က နစ်မြုပ်သွားခဲ့သော HTMS Sukhothai စစ်သင်္ဘောအား အမေရိကန်ရေတပ်နှင့် ထိုင်းတော်ဝင်ရေတပ် ပူးပေါင်းဆယ်ယူမှုလုပ်ငန်း၏ တတိယမြောက်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၂၄ ရက်က ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် စာရွက်စာတမ်း အထောက်အထားအချို့ကို နစ်မြုပ်သင်္ဘောပျက်ထဲမှ ဆယ်ယူရရှိခဲ့ကြောင်းသိရသည်။

အဆိုပါပစ္စည်းများကို ပူးတွဲရေငုပ်ရှာဖွေရေးအဖွဲ့က သင်္ဘော၏အဓိက အင်ဂျင်အခန်းအပေါက်တစ်ဝိုက်တွင် ရှာဖွေနေစဉ် တွေ့ရှိခဲ့ခြင်းဟု တော်ဝင်ရေတပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဗီရူဒွမ် မောင်းဂျင်က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြောခဲ့သည်။

ရေငုပ်အဖွဲ့က သင်္ဘောကပ္ပတိန်အခန်းနှင့် အခြားသော အခန်းငယ်များကိုလည်း တတိယမြောက်နေ့တွင် လေးကြိမ်တိုင်ရေငုပ်ရှာဖွေခဲ့ကြောင်းပြောခဲ့သည်။ ထပ်မံစုံစမ်းသိရှိချက်များအရ ရေငုပ်အဖွဲ့က ဗုဒ္ဓရုပ်ပွားတော်ကို စာရွက်စာတမ်း အထောက်အထားများနှင့်အတူ သင်္ဘောမာလိန်မှူးအခန်းအတွင်း ပုံစံမပျက်တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းတော်ဝင်ရေတပ်မှထုတ်ပြန်သော ပုံအရ ဗုဒ္ဓရုပ်ပွားတော် မှာ ထိခိုက်ပျက်စီးမှုမရှိဘဲ မူလအတိုင်း အကောင်းပကတိရှိသည်ကိုလည်း တွေ့ခဲ့ကြရသည်။

HTMS Sukhothai သင်္ဘောမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် မုန်တိုင်းမိပြီး ထိုင်းပင်လယ်ကွေ့ အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောပေါ်တွင် လိုက်ပါလာသူ ၁၀၅ ဦးအနက် ၇၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ၂၄ ဦး၏ ရုပ်အလောင်းများကိုတွေ့ရှိခဲ့ပြီး ငါးဦးမှာပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

အမေရိကန်ရေတပ်နှင့် ထိုင်းတော်ဝင်ရေတပ် ပူးပေါင်းဆယ်ယူမှုလုပ်ငန်းကို နှစ်နိုင်ငံရေတပ်များပူးတွဲ စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်ကစတင်ခဲ့ပြီး အမေရိကန်ရေတပ်မှကမ်းလွန်ထောက်ပံ့ရေးသင်္ဘော Ocean Valor က ဦးဆောင်ကာ ထိုင်းနှင့် အမေရိကန်ရေတပ်တို့မှ ရေငုပ်ရှာဖွေရေးသမား ၄၉ ဦး သင်္ဘောပေါ်တွင်ပါရှိကြသည်။ ရေငုပ်အဖွဲ့က ပူးပေါင်းဆယ်ယူမှုလုပ်ငန်း ၏ဒုတိယမြောက်နေ့တွင် နစ်မြုပ်သင်္ဘော၏ဆိုင်းဘုတ်ပြားကို တွေ့ခဲ့ပြီးနောက် တတိယမြောက်နေ့တွင် ဗုဒ္ဓရုပ်ပွားတော်အား ဆယ်ယူနိုင်ခြင်းလည်းဖြစ်သည်။

Ref–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *