October 20, 2024

၂၆. ၂. ၂၀၂၄
Written by Pan Ei

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ရှိ အစ္စရေးသံရုံးအပြင်ဘက်မှာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ဂါဇာရှိ စစ်ပွဲကို ဆန့်ကျင်တဲ့ သရုပ်သဏ္ဍာန်နဲ့ အမေရိကန်လေတပ် စစ်မှုထမ်းတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တယ်လို့ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားပြီးနောက် အဆိုပါအမျိုးသားကို နယ်မြေဆေးရုံကို ပို့ဆောင်ထားကြောင်း တာဝန်ရှိသူက ပြောကြားခဲ့ပြီး အဆိုပါ အမျိုးသားမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း မြို့တော်ရဲဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ပြောကြားခဲ့ပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုမှာ ကျွန်တော် ပါဝင်ပတ်သက်နေတော့မှာ မဟုတ်ပါဘူး” လို့ စစ်မှုထမ်းဝတ်စုံဝတ်ထားတဲ့ အဆိုပါ အမျိုးသားက ကိုယ့်ကိုယ်ကိုယ် မီးမရှို့ခင် အင်တာနက်ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ဗီဒီယိုတစ်ခုမှာ ပြောကြားခဲ့ကြောင်း New York Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက် သူဟာ အရည်တစ်မျိုးကို သူ့ကိုယ်သူ လောင်းချကာ “ပါလက်စတိုင်း လွတ်မြောက်ရေး” လို့ ကြွေးကြော်ပြီး မီးရှို့ခဲ့ကြောင်း Times သတင်းမှာ ဖော်ပြထားသလို နယ်မြေခံရဲတပ်ဖွဲ့နဲ့ လျှို့ဝှက်ဌာနတို့က အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

အစ္စရေးသံရုံးဟာ ဂါဇာကမ်းမြောင်စစ်ပွဲကို ဆက်လက်ဆန့်ကျင်ဆန္ဒပြဖို့အတွက် ပစ်မှတ်ဖြစ်နေပြီး ဂါဇာကမ်းမြောင်စစ်ပွဲကြောင့် အမေရိကန်ပြည်ထောင်စုမှာ ပါလက်စတိုင်းလိုလားသူတွေနဲ့ အစ္စရေးလိုလားသူတွေရဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး ဟားမားစ်တို့နဲ့ အစ္စရေးစစ်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့ဝင်တွေက ကမ်းရိုးတန်းနယ်မြေကို ဆန့်ကျင်တဲ့ စစ်ရေးလှုပ်ရှားမှုတစ်ရပ်ကို ဆင်နွှဲခဲ့ပြီး လူပေါင်း ၃၀,၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။

အမေရိကန်က အစ္စရေးသံတမန်အဖွဲ့ရှေ့မှာ တစ်စုံတစ်ဦးက မိမိကိုယ်ကို မီးရှို့ခြင်းက ဒီဖြစ်စဉ်က ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း အတ္တလန်တာက အစ္စရေးကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ ဆန္ဒပြသူ တစ်ဦးက ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *