October 30, 2024

MT News

Written by Nay Aung

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိနေသည့် မြန်မာနိုင်ငံသားအလုပ်သမားတစ်ဦးသည် ဒီဇင်ဘာ ၄ ရက် ညပိုင်းက ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း တောင်ကိုရီးယားသတင်းများတွင် ဖော်ပြထားသည်။

သေဆုံးခဲသည့် မြန်မာနိုင်ငံသားသည် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဖြစ်ပြီး ဒီဇင်ဘာ ၄ ရက် ညပိုင်း ၁၀ နာရီ ၅၅ မိနစ်ခန့်က ဆိုးလ်မြို့ရှိ Bulgwang-dong အရပ်တွင် ကားတိုက်မှုဖြစ်ပွားကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်မတော်တဆဖြစ်ပွားမှုကြောင့် မြန်မာအလုပ်သမားသည် ဦးခေါင်းကို စိုးရိမ်ရသည့်ဒဏ်ရာမျိုးရရှိခဲ့ပြီး ဆေးရုံတင်ပို့ပြီးနောက် မကြာမီတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

တောင်ကိုရီးယားရဲတပ်ဖွဲ့သည် အဆိုပါယာဥ်မတော်တဆဖြစ်ပွားမှုအခြေနေကို စုံစမ်းစစ်ဆေးလျက်ရှိနေပြီး ကနဦး စုံစမ်းစစ်ဆေးချက်များအရ အဆိုပါမြန်မာအလုပ်သမားသည် အရက်အမူးလွန်နေခဲ့ကာ လမ်းလျှောက်လာချိန် လဲကျ၍ ကားဖြင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာအလုပ်သမားသည် အသက် ၃၅ နှစ်အရွယ်ရှိ တောင်ကိုရီးယားနိုင်ငံသား လီ ဆိုသူမောင်းနှင်လာသည့် ကားဖြင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့ ကဆိုသည်။

တောင်ကိုရီးယားရဲတပ်ဖွဲ့က သေဆုံးသူမှာ မြန်မာနိုင်ငံသားဆိုသည့်အချက်ကို သတင်းထုတ်ပြန်ထားသော်လည်း မည်သူမည်ဝါဖြစ်ကြောင်းကို ထပ်မံစုံစမ်းစစ်ဆေးလျက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံသားများသည် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြပြီး တောင်ကိုရီးယားနိုင်ငံရှိ စက်ရုံလုပ်ငန်းများ၊ မွေးမြူရေးနှင့်ခြံလုပ်ငန်းများအပြင် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါ၀င်လုပ်ကိုင်လျက်ရှိနေရာ တောင်ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံသား သိန်းချီရောက်ရှိပြီး အလုပ်များလုပ်ကိုင်လျက်ရှိနေကြောင်း သိရသည်။

Ref , news.sbs.co.kr ၊ ytn.co.kr

Leave a Reply

Your email address will not be published. Required fields are marked *