October 20, 2024

၂၆. ၂. ၂၀၂၄
Written by Pan Ei

လုံခြုံမှုရှိတဲ့နိုင်ငံအဖြစ် ကျော်ကြားတဲ့ ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းရှိ ဆပ်ပိုရိုမြို့က စတိုးဆိုင်တစ်ဆိုင်မှာ တနင်္ဂနွေနေ့ နံနက်ပိုင်းက ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မီးဖိုချောင်သုံးဓားနဲ့ အမျိုးသားတစ်ဦးဟာ ပြင်းပြင်းထန်ထန် ရန်ပြုနေတယ်လို့ ဆပ်ပိုရိုမြို့မှာရှိတဲ့ ဆီကိုမတ် စတိုးဆိုင်ဝန်ထမ်းတစ်ဦးက ဒေသခံရဲကို ပြောကြားခဲ့ပြီး အသက် ၄၀ ကနေ ၆၀ အတွင်း ဝန်ထမ်း ၃ ဦးဟာ ဓားထိုးခံရတဲ့ ဒဏ်ရာတွေရရှိခဲ့ကာ အဲ့ဒီထဲက အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးကို ဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ကျန်တဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက သတိလစ်နေသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အလုပ်လက်မဲ့ ၄၃ နှစ်အရွယ် ဒေသခံတစ်ဦးကို လူသတ်ရန်ကျူးလွန်မှု၊ ကြိုးပမ်းမှု သံသယနဲ့ ဖြစ်စဉ်အပြီးမှာ ဖမ်းဆီးခဲ့တယ်လို့ NHK က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကလည်း တိုကျိုမြို့က ခရီးသွားတွေလည်ပတ်ရာ အကီဟာဘာရာဒေသမှာ ဓားနဲ့ ထိုးတဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့ပေမဲ့ ဂျပန်မှာ လူထုအကြမ်းဖက်မှုဖြစ်စဉ်တွေကတော့ နည်းပါးနေဆဲဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *