October 20, 2024

၂၆. ၂. ၂၀၂၄
Written by Nay Moe

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အရပ်ဝတ်နဲ့ ဆိုင်ကယ်စီး အပြင်ထွက်လာတဲ့ အမျိုးသားနဲ့ အမျိုးသမီးကိုဖမ်းဆီးပြီး စစ်ဆေးချိန် အမျိုးသားဟာ အမှတ်(၂)ပင်မဆက်သွယ်ရေးတပ်က ဗိုလ်မှူးဘစိုင်းဆိုသူဖြစ်နေတာကြောင့် ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်-ငါးပြေမပြောက်ကျားတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။

ဒီသတ်ဖြတ်မှုကို ဖေဖော်ဝါရီ ၂၃ ရက်က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကြိုတင်သတင်းအရ နတ်မောက်နယ် ဂွေးကုန်းရွာနဲ့ သမျှားကုန်းရွာကြား PDF ၄ ဖွဲ့ စောင့်ဆိုင်းနေချိန် မနက် ၆ နာရီခွဲခန့်မှာ အမျိုးသမီးတစ်ဦးလိုက်ပါပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့ အမှတ် (၂) ပင်မဆက်သွယ်ရေးတပ်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးရုံးချုပ်ကဆိုတဲ့ ဗိုလ်မှူးဘစိုင်းကို လက်ရဖမ်းဆီးပြီး စစ်ဆေးမေးမြန်း သတ်ဖြတ်လိုက်တယ်လို့ PDF တွေက ပြောပါတယ်။

ပစ်ခတ်သတ်ဖြတ်လို့ သေဆုံးသွားတဲ့ ဗိုလ်မှူးဘစိုင်းဆိုသူဟာ အမှတ်(၂)ပင်မဆက်သွယ်ရေးတပ်ကနေပြီး ပုဂံကိုရထားနဲ့သွားဖို့ သမျှားဘူတာကို ဆိုင်ကယ်နဲ့လာချိန် PDF တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တာဖြစ်ပြီး ဒီသတ်ဖြတ်မှုကို နတ်မောက်မြို့နယ်(ပကဖ)၊ Aung San’s Land တပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နဲ့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်-ငါးပြေမပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ငါးပြေမပြောက်ကျားတပ်ဖွဲ့က စာတစ်စောင်သာထုတ်ပြန်ထားတာဖြစ်သလို NUG နဲ့ PDF ထောက်ခံတဲ့မီဒီယာတွေဆီကိုလည်း ဖုန်းနှစ်လုံးနဲ့ ဓာတ်ပုံတစ်ပုံသာပေးပို့တာဖြစ်လို့ PDF တွေ ဖမ်းဆီးသတ်ဖြတ်လိုက်သူဟာ ဗိုလ်မှူးဖြစ်ကြောင်း အတည်ပြုချက်မပါသလို MT News အနေနဲ့လည်း PDF တွေ ဖမ်းဆီး သတ်ဖြတ်ခံရသူဟာ ဗိုလ်မှူးဟုတ် မဟုတ် အတည်မပြုနိုင်ဘဲ PDF တွေက လူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်မှုအပေါ် သူတို့ကိုယ်တိုင်ဝန်ခံချက်ထုတ်ပြန်တာကို ဖော်ပြခြင်းသာဖြစ်ပါတယ်။

ပုံစာ။ PDF များက ဗိုလ်မှူးဘစိုင်းဟုဆိုကာ သတ်ဖြတ်လိုက်သူနှင့် PDF တို့က လူကိုသတ်ဖြတ်အပြီး သိမ်းယူလိုက်သည့် ဖုန်းနှစ်လုံးကို တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *