MT News
Written by Thettant
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV က ဒီဇင်ဘာလ ၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်ဟု သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံစီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပျံသန်းရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်သော ကိစ္စရပ်များ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအဖွဲ့များအား နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ သံနှင့်သံမဏိထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများ ဆွေးနွေးခဲ့သည်။
ထို့ပြင် စွမ်းအင်ဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးထုတ်လုပ်ရေးနှင့် ကုသရေးဆိုင်ရာ ကိစ္စရပ်များ၊ တွင်း ထွက်ပစ္စည်း ထုတ်လုပ်ခြင်းဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စက်မှုထုတ်ကုန်များ ထုတ်လုပ်ခြင်းတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် အခြားကဏ္ဍပေါင်း စုံတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။