၂၅. ၂. ၂၀၂၄
Written by Hey Mar
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင် ၊ ကျောက်မဲမြို့နယ် ၊ ပင်းပေါ ကျေးရွာအုပ်စု နောင်ပစ်ရွာသွားတဲ့ ကားလမ်းနံဘေးက ကြံခင်းမှာ မပေါက်ကွဲသေးတဲ့လက်နက်ကြီးကို မတော်တဆထိမိရာက ပေါက်ကွဲခဲ့ပြီးကြံခုတ်လုပ်သား တစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၃ နာရီ မိနစ်၂၀ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်က အသက် ၂၀ ဝန်းကျင်အရွယ် ကြံခင်းလုပ်သား လေးဦး ကြံခင်းအတွင်း ခုတ်ပြီးကြံတွေကို ကားပေါ်တင်နေစဥ် အမျိုးသားတစ်ဦးက မပေါက်ကွဲသေးတဲ့လက်နက်တစ်ခုကို သွားရောက်ထိခိုက်မိပြီးပေါက်ကွဲရာက ထိတွေ့သူ နေရာတင်သေဆုံးခဲ့ပြီး အနီးမှာ ကြံတင်နေသူ နောက်ထပ် အမျိုးသား (၃)ဦးမှာလည်း အနီရောင်အဆင့် စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တာလို့ သိရပါတယ်။
လုပ်သားတွေက ကျောက်မဲမြို့နယ်အပိုင် ၊ ပင်းပေါ ကျေးရွာအုပ်စုထဲက နောင်ပစ်ရွာနဲ့ ခဲမွန်ရွာဘက်က လို့ သိရပြီး ၊ သေဆုံးသူက အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ နောင်ပစ်ကျေးရွာသားလို့ သိရပါတယ်။
အဆိုပါဖြစ်စဥ်အတွင်း ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းက မြေပြင်အကူအညီသွားရောက်ခဲ့ပြီး လူနာတင်ယာဥ် (၄)စီးနဲ့ အခင်းဖြစ်ပွားရာနေရာကနေ
ကျောက်မဲပြည်သူ့ဆေးရုံကြီးဆီ အရေးပေါ် ပို့ဆောင်ပေးခဲ့ကာ သေဆုံးသူကို ကျောက်မဲပြည်သူ့ဆေးရုံ OPD မှ တစ်ဆင့် မော်ကျူရီဆီ ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီနောက်မှာတော့ ဒဏ်ရာပြင်းထန်သူ (၂)ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးဆီ ကျောက်မဲဆေးရုံက လွှဲပြောင်းပေးတာကြောင့် အသင်းကပဲ မန္တလေးဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။









