October 20, 2024

အီရန်က ရုရှားသို့ တိုက်ချင်းပစ်ဒုံးပျံ ၄၀၀ ခန့်ပေးပို့ခဲ့ဟု သတင်းများက ဖော်ပြ

၂၁.၁.၂၀၂၄
Translated by Htwe Ko Tun

ဆက်လက်ဖြစ်ပွားလျက်ရှိသော ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံကအသုံးပြုရန် တိုက်ချင်းပစ်ဒုံးပျံများကို  အီရန်ကပေးပို့ခဲ့သည်ဟူသောစွပ်စွဲချက်များအား ကုလသမဂ္ဂဆိုင်ရာအီရန်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ နယူးယော့ခ်မြို့စံတော်ချိန် ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းတွင် မဟုတ်မှန်ကြောင်း ငြင်းဆိုပြောကြားခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က တိုက်ချင်းပစ်ဒုံးပျံများရောင်းချမှုကို ဥပဒေပိုင်းဆိုင်ရာတင်းကျပ်မှုများမရှိခဲ့သော်ငြားလည်း အီရန်နိုင်ငံအနေဖြင့် ရုရှား-ယူကရိန်းစစ်ပွဲကာလအတွင်း စစ်ပွဲကို အရှိန်မြှင့်လောင်စာထိုးပေးသလိုဖြစ်စေမည့် လက်နက်ရောင်းဝယ်မှုများကို ပြုလုပ်မည်မဟုတ်ကြောင်းနှင့် အီရန်အနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်စာချုပ်တို့ ကို လေးစားလိုက်နာမည်ဖြစ်ကြောင်းလည်း လူမှုကွန်ရက် X တွင်ဖော်ပြခဲ့သည်။

အီရန်အနေဖြင့် မြေပြင်ပစ် တိုက်ချင်းပစ်ဒုံးပျံ အစင်း ၄၀၀ ခန့်ကို ရုရှားနိုင်ငံသို့ ပံ့ပိုးခဲ့သည်ဟု သတင်းအရင်းအမြစ်ခြောက်ခုကိုကိုးကားလျက် Reuters သတင်းဌာနက ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ Reuters က ၂၀၂၃ ခုနှစ်အတွင်း အီရန်နှင့် ရုရှားစစ်ဘက်ဆိုင်ရာနှင့် လုံခြုံရေး ဆိုင်ရာပုဂ္ဂိုလ်များ တီဟီရန်နှင့် မော်စကိုတို့တွင် အရောင်းအဝယ်ဆွေးနွေးကြပြီးနောက် ဇန်နဝါရီလအစောပိုင်းက ဒုံးပျံများကိုပို့ဆောင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

ထိုသတင်းထွက်ပေါ်လာအပြီးတွင် အမေရိကန်အစိုးရက အကယ်၍ အီရန်အနေဖြင့် ရုရှားသို့ ဒုံးပျံများ တင်ပို့ခဲ့ပါက နိုင်ငံတကာမှ ပြင်းထန်လျင်မြန်စွာ တုံ့ပြန်ခြင်းခံရမည်ဟုသတိပေးမှုပြုခဲ့သည်။

အီရန်နှင့်ရုရှားနှစ်နိုင်ငံစလုံး၏အစိုးရများကမူ အီရန်ကပြုလုပ်သော လက်နက်များ ရုရှားနိုင်ငံက ဝယ်ယူမှုမှာ နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုအရသာဖြစ်ကြောင်းနှင့်အနောက်အုပ်စုနှင့် အနောက်မီဒီယာများ စွပ်စွဲသလို ယူကရိန်းစစ်ပွဲတွင်အသုံးပြုရန်မဟုတ်ကြောင်း ပြောခဲ့ကြသည်။

ရုရှားနိုင်ငံက အနောက်အုပ်စုနိုင်ငံများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအား ယူကရိန်းသို့ လက်နက်များထောက်ပံ့မှုကြောင့် ပြင်းထန်စွာဝေဖန်လျက်ရှိပြီး ထိုသို့လက်နက်များယူကရိန်းအားထောက်ပံ့ခြင်းက စစ်ပွဲကိုကြာရှည်အောင်ပြုလုပ်နေခြင်းဟုလည်း ပြောခဲ့သည်။

Ref-IRNA

Leave a Reply

Your email address will not be published. Required fields are marked *