October 20, 2024

၂၅. ၂. ၂၀၂၄
Written by Nyein Kyaw

မြန်မာ့စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် နိုင်ငံတကာအဆင့်မီသည့် စစ်လက်ရုံးတပ်ဖွဲ့တစ်ခုအဖြစ် ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျရောက်သည့် (၇၅) နှစ် မြောက် စိန်ရတု စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလကတည်းက တပ်မတော်၏ လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုအဖြစ် ပါဝင်ခဲ့သည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် ယနေ့ဆိုပါက နိုင်ငံတကာအဆင့်မီသည့် စစ်လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုအဖြစ် ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များသည် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် အင်ဂျင်နီယာဆိုင်ရာ နည်းပညာများကို ကြိုးစားလေ့လာပြီး စွမ်းရည်ထက် မြက်သည့် တပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးပမ်းတည်ဆောင်ရန် SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ သမိုင်းကြောင်းကို လေ့လာကြည့်ပါက ၁၉၄၇ ခုနှစ်တွင် အိန္ဒိယပြည် Madras Sapper Miners တပ်ဖွဲ့မှ ခွဲထွက်ပြီး Burma Sapper Miners တပ်ဖွဲ့အဖြစ် စတင်သန္ဓေတည် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင် KNDO သောင်းကျန်းသူများက မေမြို့(ယခု ပြင်ဦးလွင်မြို့)ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်တွင် ပြင်ဦးလွင်မြို့တွင်ရှိနေသည့် လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်းမှ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြသည့်အတွက် ပြင်ဦးလွင်မြို့ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်လှမောင်၏ဇနီး မချစ်ပို၏ ရဲစွမ်းသတ္တိသည် သမိုင်းတွင် မော်ကွန်းရေးထိုးနိုင်ခဲ့ပြီး နိုင်ငံအတွက် အသက်ပေးလှူသွားသည့် မချစ်ပို၏ သူရဲကောင်းပီသမှုနှင့် ရဲစွမ်းသတ္တိပြည့်ဝမှုများကို ၁၉၅၀ ပြည့်နှစ်တွင် နိုင်ငံတော်က သူရဘွဲ့ပေးအပ်ခဲ့ပြီး စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော သူရဘွဲ့အမျိုးသမီးတစ်ဦးအဖြစ် ဂုဏ်ယူစွာ မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *