October 20, 2024

MT News
၂၅. ၂. ၂၀၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ အနောက် မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ ပင်လယ်ပြင်က စက်လှေတစ်စီးပေါ်မှာ မလေးရှားနိုင်ငံကိုတင်ပို့မဲ့ ငွေကျပ် ၄၅ ဒသမ ၄၃ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ၂၉၈ တန်ကို တပ်မတော်(ရေ)က ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ ကြေညာထားပါတယ်။

ဒီဖြစ်စဉ်မှာ တပ်မတော်(ရေ)ဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ည ၉ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်မှာ မင်းထက်သာ-၃အမည်ရှိ စက်လှေကို သတင်းအရရှာဖွေရာ စက်လှေပေါ်က ငြိမ်းချမ်းလွင်၊ ကျော်လင်းထွန်း(ခ)ကျော်ကြီး၊ လှမြင့်ထွန်းနဲ့ ရဲကျော်သူ(ခ)ကိုရဲတို့ ၄ ဦးကို ဒေသကာလတန်ဖိုးငွေကျပ် ၄၅ ဒသမ ၄၃ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉၈ တန်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)တွေကို ရှမ်းပြည်နယ်ကနေ ရန်ကုန်တိုင်းဒေသကြီးဆီ သယ်ဆောင်ပြီး ရန်ကုန်မြစ်ဝကတစ်ဆင့် ပင်လယ်ရေကြောင်းအသုံးပြုကာ မလေးရှားနိုင်ငံ ရေပိုင်နက်ဆီ သယ်ဆောင်တာလို့ သိရှိရတာကြောင့် တရားခံတွေကို ဥပေဒအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။

ဒီလိုဖမ်းမိမှုအပြင် တပ်မတော်(ရေ)ဟာ ဇန်နဝါရီ ၂၂ ရက် ညနေ ၃ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်မှာ “အေးမြတ်အောင်” စက်လှေကို မသင်္ကာဖွယ်တွေ့ရလို့ စစ်ဆေးခဲ့ချိန် စက်လှေပေါ်မှာ မူးယစ်ဆေးဝါးတွေ လွှဲပြောင်းလက်ခံသယ်ဆောင်ဖို့ စောင့်ဆိုင်းနေတဲ့ ဇော်မင်းဦး၊ ကိုကိုဇော်၊ လွှမ်းအောင်၊ သူရစိုးနဲ့ ထွန်းဦး တို့ ၅ ဦး တွေ့ရှိရလို့ စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာမှာ ဇန်နဝါရီ ၂၆ ရက်နေ့မှာ “အေးမြတ်အောင်”ပင်လယ်ပြင်သွား စက်လှေပိုင်ရှင် တင်ရှိန်နဲ့ စိုးရန်နိုင်(ခ)နောင်နောင်တို့ကို ပုသိမ်နဲ့ ဇန်နဝါရီ ၂၈ ရက်မှာ ဌေးအောင်(ခ)ပေါက်စ ကို ကျောင်းကုန်းမြို့နယ်မှာ ဖမ်းမိခဲ့တာပါ။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၂ ရက်မှာ နိုင်ဦး(ခ)မောင်မောင်လေး(ခ)လှဝင်းကို ပုသိမ်မြို့နယ်၊ ကုလားချောင်းကျေးရွာမှာ ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဲဒီနေ့ ည ၇ နာရီခွဲအချိန်မှာ ပုသိမ်မြိုနယ်၊ သမ္ဗန်ချိုင်ကျေးရွာရှိ တင်ထွန်းရဲ့ ဂိုဒေါင်က အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့တာပါ။ ဆက်လက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၁၃ ရက် မနက် ၉ နာရီအချိန် ပုသိမ်မြိုနယ်၊ မကျီးဇင်ကျေးရွာမှာ ထွန်းလင်းနိုင်(ခ)ငလင်း၊ ဇော်ထွေးလွင်(ခ) ငတိုလေး၊ ရဲလွင်ကို(ခ)ရခိုင်လေး၊ ကျော်ဇင်ထက်နဲ့ ကျော်မင်းတို့ ၅ ဦးကိုလည်း ကမ်းရိုးတန်းသွား စက်လှေတစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တာပါ။

ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီအချိန်မှာလည်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို၊ အလယ်ကျွန်းရပ်ကွက်ရှိ“အေးမြတ်အောင်” စက်လှေပိုင်ရှင် တင်ရှိန်နဲ့ ဇင်မာဌေး နေအိမ်က ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၄၅ တောင့်၊ ၁၂ ဗို့ ပြောင်းချောကျည် ၂၃ တောင့်၊ မြန်မာငွေကျပ်သိန်း ၃၀၊ မော်တော်ယာဉ် ၂ စီး၊ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်မှာရှိတဲ့ တင်ရှိန်ရဲ့ တခြား နေအိမ်က ပြောင်းချောသေနတ် ၁ လက်၊ ၁၂ ဗိုကျည် ၂၃ တောင့်ကို သိမ်းဆည်းရမိခဲ့တာပါ။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)တွေကို မန္တလေးကနေ ပုသိမ်ဆီ Dump Truck မော်တော်ယာဉ်နဲ့ သယ်ဆောင်ခဲ့တဲ့ ကျော်ရဲမြင့်(ခ)ဖြိုးသူရနဲ့ စိုးမောင်မောင် တို့ကိုလည်း ရေကြည်မြိုနယ်၊ ရေနံ့သာကျေးရွာမှာ ထပ်မံဖမ်းဆီးရမိခဲ့သလို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလည်း သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)တွေ တာဝန်ခံသယ်ဆောင်သူ ရဲခေါင်ထွန်း ငှားရမ်းထားတဲ့ ပြည်ကြီးတံခွန်မြိုနယ်ရှိခြံဝင်းအတွင်းက ထိန်းချုပ်ဓာတုပစ္စည်းတွေ ဖြစ်တဲ့ Methylamine ၁၆၄၀၀ လီတာ၊ Sulphuric Acid ၁၂၀၀ လီတာ၊ Hydrochloric Acid ၅၆၀ လီတာ၊ Benzyl Cyanide ၁၂၄၀၀ လီတာတိုကို သိမ်းဆည်းရမိခဲ့ပြီး တရားခံတွေဆီက စုစုပေါင်း သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)နဲ့ ဓာတုပစ္စည်းစုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၄၅ ဒသမ ၂၈ ဘီလျံကျော်၊ ပင်လယ်ပြင်သွားစက်လှေ ၁ စီး၊ ကမ်းရိုးတန်းသုံး စက်လှေ ၁ စီး၊ မော်တော်ယာဉ် ၃ စီးတို့ သိမ်းဆည်းရမိခဲ့သလို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)တွေကို ရှမ်းပြည်နယ်ကနေ မန္တလေးသယ်ဆောင်၊ မန္တလေးမှာ သိုလှောင်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ကို ဆက်လက်သယ်ဆောင်ကာ မလေးရှားနိုင်ငံရေပိုင်နက်ဆီ တင်ပို့မှာဖြစ်တယ်လို့ သိရသလို လက်ရှိမှာ ကွင်းဆက်ကျုးလွန်သူတွေ ဆက်လက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။

ပုံစာ။ မလေးရှားသို့တင်ပို့မည့် ကျပ် ဘီလျံ ၉၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိခဲ့မှုမြင်ကွင်းနှစ်ခုကို တွေ့ရစဥ်

Leave a Reply

Your email address will not be published. Required fields are marked *