October 20, 2024

၂၄. ၂. ၂၀၂၄
Written by Nyein Kyaw

အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူ၊ ပေါ်တာဆွဲခံရသူနှင့် ပြုလုပ်သည့် အဖွဲ့အစည်းကို တိကျစွာသိရှိပါက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များကို အချိန်မရွေးတိုင်ကြားနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ချိန်တွင် လူငယ်အားလုံး မဖြစ်မနေ စစ်မှုထမ်းဆောင်ပြီး စစ်ဆင်ရေးတာဝန်များ ဆောင်ရွက်ရမည်ဆိုသကဲ့သို့ သတင်းများ ထုတ်လွှင့်မှုအပေါ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပြီးနောက်တွင် ပြည်သူများ စိုးရိမ်ထိန့်လန့်စေရန် လူငယ်များကို ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မစစ်သား စုဆောင်းသွားခြင်းဆိုသည့် မဟုတ်မမှန်သတင်းများကို ပြည်ပရောက် Exile မီဒီယာများက ထပ်မံထုတ်လွှင့်နေခြင်းဖြစ်သည်။

“နောက်တစ်ခုကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ပြီးအာဏာတည်ဖို့ ပြဋ္ဌာန်းလိုက်ချိန်မှာ ဒီပြည်ဖျက်မီဒီယာတွေ၊ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အားလုံး လူငယ်တိုင်းပဲ အခုလောလောဆယ်ပဲ၊ အခုချက်ချင်းပဲ တပ်ထဲကို ဝင်ရမလို။ ချက်ချင်းပဲ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရမလို ဒါတွေနဲ့ ခြောက်လန့်ခဲ့တာရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၊ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့တွေ ဖွဲ့စည်းတယ်။ ပြန်ကြားပေးဖို့အတွက် ဖုန်းနံပါတ်တွေ ပေးပြီး ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ ဖြေရှင်းတဲ့အခါမှာ ဒါတွေသည်မဟုတ်ဘူး။ အလှည့်ကျ ဆောင်ရွက်ရမယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဘာကြောင့် တာဝန်ယူခိုင်းတာဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ဘာကြောင့် ဆောင်ရွက်ခိုင်းတာ ဖြစ်တယ်ဆိုတဲ့ အဖြေမျိုး ပြည်သူလူထုဆီကို ရောက်သွားတဲ့အခါမှာ အခုချိန်မှာ တစ်မျိုးပြောင်းပြီးတော့ ပြည်သူလူထုကို စိုးရိမ်ထိန့်လန့်မှုဖြစ်အောင်လုပ်နေတာတွေ တွေ့ရပါတယ်။ ဒီဟာတွေကတော့ လူငယ်တွေ ဘယ်နေရာ ပျောက်သွားတယ်တို့၊ ဘယ်နေရာမှာ ဖမ်းဆီးခံရတယ်တို့၊ ဘယ်နေရာမှာ အတင်းအဓမ္မစစ်သား စုဆောင်းနေပြီတို့၊ ဘယ်နေရာမှာ ပေါ်တာဆွဲပြီဆိုတဲ့ ကောလာဟလ ထုတ်လွှင့်ချက်များ ဆက်တိုက် ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ အခြေအမြစ်မရှိတဲ့ဟာတွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောကြားချင်တာက ဘယ်နေရာမှာ နာမည်ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်။ ဘယ်နေရာမှာ နာမည်ဘယ်သူနဲ့ လူငယ်တွေပျောက်ဆုံးနေတယ်။ ဘယ်နေရာမှာ နာမည်ဘယ်သူတွေနဲ့ လူငယ်အဖွဲ့တွေကို ပေါ်တာဆွဲသွားတယ်ဆိုတာကို သိရရင်၊ သတင်းတိကျတယ်ဆိုရင် ကျွန်တော်တို့ ပေးထားတဲ့ ဖုန်းနံပါတ်များရှိပါတယ်။ အချိန်မရွေးဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်သူများအနေဖြင့် အတင်းအဓမ္မစစ်သားစုဆောင်းခံရခြင်း၊ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအား တိကျစွာသိရှိပါက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များကို အချိန်မရွေးဖုန်းဆက် တိုင်ကြားနိုင်‌ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အာမခံပြောကြားသည်။

“ဒီစိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက်မှုတွေ၊ ကောလာဟလ ထုတ်လွှင့်မှုတွေကတော့ ဒီပြည်ဖျက်မီဒီယာတွေ၊ NUG၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်လက် ဆောင်ရွက်နေဦးမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခင်ကပြောသွားသလို သူတို့အကြောက်ဆုံးက မြန်မာတွေ စုစည်းသွားမှာ သိပ်ကြောက်တယ်။ အဖြစ်မှန်ကို ပြည်သူတွေ သိသွားမှာ သိပ်ကြောက်တယ်။ ဒါကြောင့်မို့ ကောလာဟလ လှိုင်းလုံး တစ်လုံးပြီး တစ်လုံးနဲ့ ဆောင်ရွက်နေမှာဖြစ်ပါတယ်။ ကောလာဟလနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်။ အချိန်မရွေး တိုင်ကြားနိုင်ပါတယ်။ ကျွန်တော် ထပ်အာမခံတာက အချိန်မရွေးတိုင်ကြားနိုင်တယ်၊ ပြောနိုင်တယ်လို့ ကျွန်တော့်အ‌‌နေနဲ့ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *