၂၄. ၂. ၂၀၂၄
Written by Ye Kyaw
ပြည်ပသို့ အမှန်တကယ်ထွက်ခွာမည့်သူများ အသေးသုံးနိုင်ငံခြားငွေ ငွေသား ဝယ်ယူခြင်းအတွက် လေဆိပ်ကောင်တာများအပြင် AD လိုင်စင်ရ ပြင်ပဘဏ်များတွင်လည်း ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ပြည်ပသို့ အမှန်တကယ်ထွက်ခွာမည့်သူများအား အဆင်ပြေလွယ်ကူစွာ ရောင်းချပေးနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်)ရှိ ဘဏ်ကောင်တာ သုံးခုတွင် AD လိုင်စင်ရဘဏ်များ (CB Bank PCL ၊ ကမ္ဘောဇဘဏ်၊ AYA Bank PCL ၊ ယူအေဘီဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်)တို့မှ နေ့စဉ် အလှည့်ကျ ရောင်းချပေးနေခြင်းဖြစ်သည်။
လေဆိပ်ကောင်တာများအပြင် အသေးသုံး နိုင်ငံခြားငွေ ငွေသား ရောင်းချပေးသည့်အစီအစဉ်အရ ဝယ်ယူရရှိနိုင်သည့် ဘဏ်ကောင်တာများမှာ CB Bank PCL ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ၊ ကမ္ဘောဇဘဏ်လီမိတက်၊ အင်းဝဘဏ်လီမိတက်၊ အာရှစိမ်းလန်းဖွံဖြိုးရေးဘဏ်လီမိတက်၊ AYA Bank PCL ၊ ယူအေဘီဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်နှင့် ဧရာဝတီတောင်သူလယ်သမားများ ဖွံဖြိုးရေးဘဏ်လီမိတက်ဘဏ်တို့ဖြစ်ပြီး အဆိုပါကောင်တာများတွင် ဝယ်ယူနိုင်ကြောင်းလည်း ဘဏ်များ၏ Website နှင့် Facebook Page များတွင် ကြေညာထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသိုထွက်ခွာရာတွင် နိုင်ငံတကာငွေပေးချေမှုကတ်များ(Debit Card နှင့် Credit Card ) အပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသား ဆောင်ယူသွားနိုင်ရေး ဈေးကွက်အတွင်း လွယ်ကူစွာ ဝယ်ယူနိုင်ရန်နှင့် တရားမဝင်ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန် ရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့မှစတင်၍ လည်းကောင်း၊ ပြည်ပသို့ ထွက်ခွာမည့်သူများအနက် ဘုရားဖူးထွက်ခွာသူများ ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတတ်ရောက်ရန် ထွက်ခွာသူများအား ဩဂုတ်လ ၁၈ ရက်နေ့မှ စတင်၍ လည်းကောင်း တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား ) ရောင်းချပေးလျက်ရှိကြောင်း သိရသည်။