October 19, 2024

၂၄. ၂. ၂၀၂၄
Translated by Htwe Ko Tun

သက်ကြီးရွယ်အိုဦးရေ လျင်မြန်စွာတိုးတက်လာနေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ လူဦးရေအတွက်လုံလောက်တဲ့ကျန်းမာရေး စောင့်ရှောက်ကုသမှုတွေပြုနိုင်ရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆေးကျောင်းသားဝင်ခွင့်လျှောက်လွှာများကို တိုးချဲ့လက်ခံသွားမယ်လို့ အစိုးရက စီမံချက်ချခဲ့အပြီးမှာ တောင်ကိုရီးယား နိုင်ငံတစ်ဝန်းမှ အငယ်တန်းဆရာဝန်တွေနဲ့ အလုပ်သင်ဆရာဝန်တွေရဲ့ မကျေမနပ် ဆန္ဒပြမှုတွေ ဖေဖော်ဝါရီလ ၂၁ ရက်ကစတင်လို့ ဆက်တိုက်ဖြစ်ပေါ်လာမှုက နိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို ကစဉ့်ကလျားဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ပတ်မင်ဆူးက အလုပ်သင်ဆရာဝန် ၇,၈၁၃ ဦးနဲ့ အငယ်တန်းဆရာဝန် ၈,၈၀၀ ကျော်က ဆန္ဒပြလျက်ရှိကာ တာဝန်မှ နုတ်ထွက်ခဲ့ကြတယ်လို့ပြောခဲ့ပါတယ်။ ဒါက ကျန်းမာရေးကဏ္ဍမှာ စုစုပေါင်းအလုပ်သင်လေ့ကျင့်နေတဲ့ဆရာဝန်အင်အားစုရဲ့ ၇၁ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဆန္ဒပြမှုမှာ ဆက်လက်ပူးပေါင်းလိုသူတွေရှိသေးတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

တောင်ကိုရီးယားက စီးပွားရေးအင်အားကြီးနိုင်ငံတွေအနက် ဆရာဝန်နဲ့လူနာ အချိုးအနိမ့်ကျဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်နေပါတယ်။ ဒါကြောင့်လည်း လက်ရှိမှာ နိုင်ငံအတွင်း တစ်နှစ် ဆေးကျောင်းသား ၃,၀၀၀ ခန့် မွေးထုတ်ပေးနိုင်ရာက တိုးတက်လာစေဖို့ နှစ်စဉ် ဆေးကျောင်းသားတွေ ပိုမိုလက်ခံသွားဖို့ တောင်ကိုရီးယားအစိုးရက အဆိုပြုခဲ့တာပါ။

ဒါပေမယ့် ဒီအစီအစဉ်ကို ဆရာဝန်တွေက ချက်ချင်းဆိုသလိုပဲ ဆန့်ကျင်ဝေဖန်ခဲ့ကြတာပါ။ သူတို့က ဆန္ဒပြကြရာမှာ အစိုးရရဲ့အစီအစဉ်ကို ကျန်းမာရေးစောင့်ရှောက်မှုရဲ့ လမ်းဆုံးအဖြစ် ဆိုင်းဘုတ်များမှာရေးသားကိုင်ဆောင်ခဲ့ကြပါတယ်။ ဆန္ဒပြဆရာဝန်တွေက အခုလို ဆရာဝန်အင်အားတိုးချဲ့မှုက လက်တွေ့မှာ ဦးစားပေးဆောင်ရွက်ရမယ့်ပြဿနာတွေဖြစ်တဲ့ ဆေးကုသမှုအခြေအနေတွေနဲ့ လစာနည်းပါးမှုတွေကို ဖြေရှင်းရာရောက်မှာမဟုတ်တဲ့အပြင် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအဆင့်ကိုပါ နိမ့်ကျစေနိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဆရာဝန်အင်အား ၁၀၀,၀၀၀ ခန့်ရှိလို့ ဆန္ဒပြအင်အားက အနည်းအကျဉ်းသာ ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် အငယ်တန်းနဲ့အလုပ်သင်ဆရာဝန်တွေက သင်ကြားမှုပါပြုနေတဲ့ ဆေးရုံတွေရဲ့နေ့စဉ်လုပ်ငန်းတွေမှာ အဓိကကဏ္ဍကနေ ပါဝင်နေပါတယ်။ သူတို့က ဆေးရုံငယ်တွေနဲ့ ပုဂ္ဂလိကဆေးရုံတွေကနေ လွှဲပြောင်းလာတဲ့လူနာတွေအတွက် ကြီးမားတဲ့ဆေးရုံတွေမှာ အဓိကကျတဲ့ အရေးပေါ်အခန်းလုပ်ငန်းတာဝန်တွေ၊ အတွင်းလူနာခန်းတွေ၊ ခွဲစိတ်ခန်းတွေမှာ တာဝန်ယူဆောင်ရွက်ကြရတာပါ။ အခုဆို သူနာပြုဆရာမတွေကလည်း ဆေးရုံတွေမှာ ပုံမှန်အားဖြင့် အလုပ်သင်ဆရာဝန်များက တာဝန်ယူကြတဲ့အဆောင်တွေနဲ့ခွဲစိတ်ခန်းလုပ်ငန်းတာဝန်တွေကို သူတို့ကတာဝန်ယူဆောင်ရွက်ဖို့ အတင်းအဓမ္မ ခိုင်းစေခံနေရတယ်လို့ ဆိုခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်ကစတင်ခဲ့တဲ့ အငယ်တန်းဆရာဝန်တွေရဲ့ လုပ်ငန်းခွင်မဝင်တော့ဘဲဆန္ဒပြမှု လေးရက်မြောက်တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်မှာဆေးရုံကြီးတွေမှာ အရေးပေါ်အခန်းတွေ ဆက်လက် လည်ပတ်မှုမရှိတော့ဘဲ ရပ်ဆိုင်းသွားပြီးတဲ့နောက် ဆေးရုံတွေကြုံတွေ့လာရတဲ့ အခက်အခဲဖိအားက အစိုးရအား ကျန်းမာရေးကဏ္ဍအတွက် နှိုးဆော်သတိပေးမှုအဆင့် ပိုလို့မြင့်တက်လာစေခဲ့ပါတော့တယ်။

အများအပြားကတော့ အလုပ်သင်ဆရာဝန်တွေအနေနဲ့ ကျန်းမာရေးကဏ္ဍမှာ အစိုးရရဲ့ အဆိုပြုချက်အရ ဆရာဝန်တွေများပြားလာခြင်းကကျန်းမာရေးပညာရှင်တွေလိုအပ်မှုကို နည်းပါးစေကာ တစ်ဖက်မှာသူတို့ရဲ့ ဝင်ငွေကိုထိခိုက်စေမှာဖြစ်လို့ ခုလိုဆန္ဒပြကြတာလို့ ရှုတ်ချပြောကြားခဲ့ကြပါတယ်။

ဆန္ဒပြဆရာဝန်တွေဘက်ကတော့ သူတို့ဆန္ဒပြမှုက ဆရာဝန်ဦးရေများပြားလာမှာကို ဆန့်ကျင်ခြင်း မဟုတ်ဘဲ သူတို့ရဲ့ လစာတိုးမြင့်ရေးနဲ့ ဆေးကုသမှုအခြေအနေတွေကောင်းမွန်စေရေးတို့ကိုသာ ရည်ရွယ်ကြောင်း ပြောခဲ့ကြပါတယ်။

အစိုးရအနေနဲ့ကတော့ သက်ကြီးရွယ်အိုဦးရေ လျင်‌မြန်စွာတိုးတက်လာနေပြီး ဆရာဝန်အများအပြားဟာလည်း အသက်ကြီးပိုင်းရောက်လာကြပြီဖြစ်တဲ့ နိုင်ငံအတွင်း ၂၀၃၅ ခုနှစ်မှာ ဆရာဝန်ဦးရေ ၁၅,၀၀၀ အထိ လိုအပ်လာနိုင်မှုကိုကုစားဖို့ ဒီစီမံချက်ကို အဆိုပြုခဲ့တာပါ။ ဒါပေမယ့် အခုဆိုရင် အလုပ်သင်ဆရာဝန်တွေနဲ့အတူ ပုဂ္ဂလိကဆေးဘက်ပညာရှင်တွေကို ကိုယ်စားပြုတဲ့ ကိုရီးယားဆေးကောင်စီအသင်းကလည်း ဆန္ဒပြမှုမှာပါဝင်လာကာ ဖေဖော်ဝါရီလ ၂၅ ရက်မှာတော့ ဆိုးလ်မြို့မှာ ပိုမိုကြီးမားတဲ့ဆန္ဒပြမှုကြီးတစ်ရပ် ပြုလုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ အလုပ်သင်ဆရာဝန်တွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ တိုက်တွန်းနေရုံသာမက နိုင်ငံရဲ့ကျန်းမာရေးကဏ္ဍမှာ ဒီထက်ထိခိုက်မှုမရှိစေဖို့ ဘယ်လို ဆောင်ရွက်မလဲစောင့်ကြည့်ရမှာပါ။

Ref- Reuters, Independent

Leave a Reply

Your email address will not be published. Required fields are marked *