October 19, 2024

၂၄. ၂. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ဘန်ကောက်ဆိပ်ကမ်းအား လက်ရှိတည်နေရာမှ ပြင်ပသို့ရွှေ့ပြောင်းရန်အစီအစဉ်များကို ဖေဖော်ဝါရီ ၂၃ ရက်က ဝေဖန်ခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းက ပြည်ပ ပို့ကုန်တင်ပို့မှုများတွင် ထိခိုက်မှုပြဿနများဖြစ်ပေါ်စေလိမ့်မည်ဟုသတိပေးပြောကြားခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့တော် ဆိပ်ကမ်းအား ရွှေ့ပြောင်းရေးအတွက် မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့ က အဆိုပြုချက်နှင့်ပတ်သက်၍လည်း ဝန်ကြီးချုပ်က သက်ဆိုင်သည့်အေဂျင်စီများအနေနှင့် ဆက်စပ်ကဏ္ဍအားလုံးမှ သေချာစွာ စဉ်းစားသင့်ကြကြောင်း ပြောခဲ့သည်။

၎င်းက ချွန်ဘူရီ ပြည်နယ်အတွင်းရှိ ထိုင်းနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းဖြစ်သော လမ်ချာဘန်ဆိပ်ကမ်းကိုလည်း တိုးချဲ့လျက်ရှိကြောင်း မှတ်ချက်ချပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးတာဝန်ကိုလည်းယူထားသော ဆရက်သာက မြို့တော်စည်ပင်သာယာရေး အတွက် ဘန်ကောက်မြို့တော်ဝန် ချဒ်ချတ် ဆစ်တီပွန့် နှင့် တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ရာ၌ ထိုသို့ပြောကြားခဲ့ခြင်းလည်းဖြစ်ကြောင်းသိရသည်။

ချဒ်ချတ် ဆစ်တီပွန့်က ၂၀၂၃ ခုနှစ်အတွင်းက အကြံပြုခဲ့ရာတွင် ဘန်ကောက်မြို့တော်ဆိပ်ကမ်းအား လက်ရှိတည်နေရာ ခလုံတွိုင်မှ လမ်ချာဘန်သို့ ပြောင်းရွှေ့သင့်ကြောင်း၊ ၎င်းက ဘန်ကောက်မြို့တော်အတွင်း ကုန်ကားခရီးစဉ်များ ဖြတ်သန်းမှုကို အနည်းဆုံး အကြိမ် တစ်သန်းခန့်အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယာဉ်သွားလာမှုပိတ်ဆို့မှုအား သက်သာစေမည့်အပြင် မြို့တော်အတွင်း လေထုညစ်ညမ်းမှုကို လျော့ကျစေနိုင်ကြောင်း ပြောကြားခဲ့သည်။ ဤသို့ဆောင်ရွက်ပါက ကုန်သေတ္တာတင် သင်္ဘောများအနေဖြင့် ကျောက်ဖရားမြစ်ကို အသုံးပြုရန်မလိုတော့ဘဲ မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့ က စီစဉ်ထားသည့် ရေကြီးမှုတားဆီးရေးစီမံကိန်း‌ အတွက်လည်း ပိုမိုအထောက်အကူဖြစ်စေလိမ့်မည်ဟု ပြောခဲ့သည်။

လမ်ချာဘန်ဆိပ်ကမ်းက တစ်နှစ်လျှင် ကုန်သေတ္တာ ၁၀ သန်းကျော် ကုန်တင်ကုန်ချပြုနေရပြီး ဘန်ကောက်ဆိပ်ကမ်းမှာ တစ်နှစ်လျှင် ကုန်သေတ္တာ တစ်သန်းခန့်သာ ကုန်တင်ကုန်ချပြုနေရသည်။ ထို့ပြင် လမ်ချာဘန်ဆိပ်ကမ်းက ဘန်ကောက်မြို့၊ လတ်ကရာဘန်ခရိုင်ရှိ ပြည်တွင်းကုန်သေတ္တာတင်ယာဉ်များရပ်နားရာဝင်းနှင့် ရထားလမ်းအဆက်အသွယ်ရှိကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်ကိုက်ညီသောဆိပ်ကမ်းလည်း ဖြစ်သည်။

သို့ရာတွင် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ကိုကြီးကြပ်သော သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဘန်ကောက် မြို့တော်ဆိပ်ကမ်းအား ပြောင်းရွှေ့ရန် အစီအစဉ်မရှိဟုပြောခဲ့သည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ သတင်းအရင်းအမြစ်များက ဘန်ကောက်ဆိပ်ကမ်းမှာဖြန့်ချိရေးအချက်အချာစခန်းတစ်ခုဖြစ်သကဲ့သို့ အရေးကြီးကုန်စည်များနှင့်လုပ်ငန်းများဆောင်ရွက်ရန်လည်းတာဝန်ရှိကြောင်း၊ ထို့ကြောင့် ဘန်ကောက် ဆိပ်ကမ်းကိုပြောင်းရွှေ့မှုက နိုင်ငံ၏ ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် စီးပွားရေးကိုပါ ထိခိုက်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *