October 19, 2024

၂၄. ၂. ၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကျီးပင်ကျေးရွာအုပ်စု၊ ပုသိမ်-မုံရွာကားလမ်းအနီး လျှိုထဲတွင် ၄ တန်းကျောင်းသူတစ်ဦး ဖေဖော်ဝါရီ ၁၅ ရက်က တုတ်ဖြင့် ရိုက်သတ်ခံရမှုနှင့် ပတ်သက်၍ ကျုးလွန်သူ အသက် ၁၄ နှစ်အရွယ် အိမ်နီးချင်း လူငယ်တစ်ဦးကို ဖေဖော်ဝါရီ တတိယပတ်တွင် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။

ကျုးလွန်သူမှာ စိုင်းဝဏ္ဏဆိုသူလူငယ်ဖြစ်ပြီး သေဆုံးသူနှင့် တဲချင်းကပ်နေထိုင်သူဖြစ်ကာ ၎င်း၏ဖခင်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း အရက်မူး၍ ပတ်ဝန်းကျင်ကို ဆဲဆိုချိန် သေဆုံးသူ၏ အစ်ကိုနှင့်အဒေါ်က ရိုက်နှက်ထိုးကြိတ်ခဲ့၍ ၎င်းပါ ခေါင်းကွဲခဲ့သည်ကို မကျေနပ်၍ လက်တုံ့ပြန်သည့်အနေဖြင့် ၄ တန်းကျောင်းသူမယုသွယ်သွယ်ဝင်းကို တုတ်ဖြင့်ရိုက်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

အသတ်ခံရသူမှာ အသက် ၁၁ နှစ်အရွယ် လေးတန်းကျောင်းသူ မယုသွယ်သွယ်ဝင်းဖြစ်​ပြီး ပန်းတောင်းမြို့နယ်၊ ကျီပင်ကျေးရွာအုပ်စု၊ ကျောက်ညပ်တဲစုရွာတွင် နေထိုင်သူ ဖြစ်ပြီး သေဆုံးသူ၏ရုပ်အလောင်းကို ဦးခေါင်းပေါက်ပြဲ၊ သွေးထွက်ဒဏ်ရာများဖြင့် ဖေဖော်ဝါရီ ၁၅ ရက် ည ၈ နာရီခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ကာ ၎င်း၏ နံဘေးတွင် ဝါးဆစ်ပိတ်တုတ်တစ်ချောင်းကိုလည်း ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့​ခြင်းဖြစ်သည်။

ကျုးလွန်သူမှာ အသက် ၁၄ နှစ်အရွယ် ​မောင်စိုင်းဝဏ္ဏဖြစ်ပြီး မယုသွယ်သွယ်ဝင်း ဇီးသီးကောက်နေစဥ် အနီးရှိ ၄​ ပေခန့်ရှည်ပြီး လုံးပတ်၂ လက်မခန့်ရှိသော ဝါးဆစ်ပိတ်တုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ထွက်ဆိုသည်။ ၄ တန်းကျောင်းသူ အသတ်ခံရမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျုးလွန်သူကို ဖမ်းဆီးကာ ထိန်းသိမ်းထားကြောင်း ဥသျှစ်ပင်နယ်မြေရဲစခန်းထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *