October 20, 2024

၂၄. ၂. ၂၀၂၄
Written by Pan Ei

ဂျာမနီပါလီမန်က ဆေးခြောက်ကို အပန်းဖြေဖို့ အသုံးပြုတာကို ခွင့်ပြုပေးကာ ပမာဏကို အကန့်အသတ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ ဥပဒေကို မနေ့က(ဖေဖော်ဝါရီ ၂၃ ရက်) အတည်ပြုခဲ့သလို ဂျာမနီက ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံငယ်တွေနဲ့ တရားစီရင်ပိုင်ခွင့်ရှိတဲ့ နယ်မြေတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

ဥပဒေအရ ဂျာမဏီမှာ အသက် ၁၈ နှစ်အထက် လူတွေဟာ ပုဂ္ဂလိက သုံးစွဲဖို့အတွက် အပင်သုံးပင်အထိ စိုက်ပျိုးခွင့်ရှိပြီး ၂၅ ဂရမ်အထိ အများသူငှာနေရာတွေမှာ ယူဆောင်၊ ထားရှိနိုင်ကာ အိမ်တွေမှာတော့ တရားဝင်ကန့်သတ်ချက် ၅၀ ဂရမ်အထိ ထားရှိနိုင်တဲ့အပြင် အများသူငှာ နေရာအများအပြားမှာ ဆေးခြောက်ဟာ လာမယ့် ဧပြီလ ၁ ရက်နေ့က စတင်ပြီး တရားဝင်ဖြစ်လာမှာဖြစ်ပါတယ်။

ဂျာမန်လူမျိုး ၄ ဒသမ ၅ သန်းလောက်က ဆေးခြောက်ကို အသုံးပြုကြတယ်လို့ ခန့်မှန်းကြပြီးတဲ့နောက် ဂျာမနီက ခုလို ဆေးခြောက်ကို တရားဝင်ခွင့်ပြုလိုက်ပေမဲ့ ဝယ်ရခက်နေဦးမှာပါ။ ဘာလို့လဲဆိုတော့ ဇူလိုင်လ ၁ ရက်နေ့ကစတင်ပြီး အဖွဲ့ဝင် ၅၀၀ ထက်မပိုတဲ့ လိုင်စင်ရ အမြတ်အစွန်းအတွက်မဟုတ်တဲ့ ကလပ်တွေကသာ ဆေးခြောက်တွေကို ရရှိနိုင်မှာဖြစ်ပြီး အဖွဲ့ဝင်အားလုံးကလည်း အရွယ်ရောက်ပြီးသူတွေသာဖြစ်ရမဲ့အပြင် ကလပ်အသင်းဝင်တွေပဲ သူတို့ရဲ့ ထွက်ကုန်ဆေးခြောက်တွေကို ဝယ်ယူ သုံးစွဲခွင့်ရှိမှာပါ။

“ရည်ရွယ်ချက်ကတော့ မှောင်ခိုဈေးကွက်နဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ ရာဇ၀တ်မှုတွေကို နှိမ်နင်းဖို့၊ ရောင်းဝယ်မှုပမာဏကို လျှော့ချပြီး သုံးစွဲသူအရေအတွက်ကို ဖြတ်တောက်ဖို့ဖြစ်ပါတယ်” လို့ ဂျာမနီကျန်းမာရေးဝန်ကြီး Karl Lauterbach က အဆိုပါ ဆေးခြောက်နဲ့ ပတ်သက်တဲ့ဥပဒေ မပြဌာန်းမီကတည်းက ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာ ဆေးခြောက်ဟာ အရွယ်မရောက်သေးသူတွေအတွက်တော့ တရားမဝင်အဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပြီး အရွယ်ရောက်ပြီးသူတွေအတွက်လည်း ဆေးခြောက်ကို စာသင်ကျောင်းတွေနဲ့ ကစားကွင်းတွေအနီးမှာ သောက်သုံးခြင်းမသုံးပြုဖို့ ဂျာမနီအစိုးရက တားမြစ်ထားပါတယ်။

ဂျာမဏီဟာ အမေရိကန်နဲ့ သြစတြေးလျလက်အောက်က တရားစီရင်ပိုင်ခွင့်ရှိတဲ့ နိုင်ငံခွဲတချို့နည်းတူ မူးယစ်ဆေးဝါးကို အပန်းဖြေအသုံးပြုမှုကို တရားဝင်ခွင့်ပြုခဲ့တဲ့ နဝမြောက်နိုင်ငံဖြစ်လာခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *