၂၄. ၂. ၂၀၂၄
Written by Hey Mar
ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၅ နာရီ၊ ၆ မိနစ်၊ ၁၆ စက္ကန့် အချိန်က ညောင်ဦးမြေငလျင်စခန်းရဲ့ မြောက်-အနောက်မြောက်ဘက် (၇) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း ၊ မြောက်လတ္တီတွဒ် (၂၁.၃၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၇) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄.၂ အဆင့် အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်မှုကို တိုင်းထွာရရှိကြောင်း သိရှိရပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူး ဦးကျော်မင်းသူက “ငလျင်က အင်အားလည်း နည်းတော့ သိပ်သိသိသာသာ အခြေအနေဖြစ်မသွားပါဘူး။ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ဝိုက်မှာ အထိအခိုက်လည်း မရှိသလို သိသိသာသာခံစားသိရှိနိုင်တဲ့ နေရာတစ်ဝိုက်က မြစ်အောက်ဘက် မြစ်ခြေဘက်မှာတော့ သိသာနိုင်ပါတယ်”လို့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ဆောင်ရွက်မှု အခြေအနေတွေကို MT News က မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
ပုဂံဒေသမှာ ၁၉၇၅ မြေငလျင်ကြီး လှုပ်ခတ်အပြီး၊ ယဉ်ကျေးမှု အမွေအနှစ်တွေ များစွာထိခိုက်ခဲ့ရသလို၊ ၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ချောက်ငလျင်အပြီးမှာလည်း ပုဂံရှိနာမည်ကျော်စေတီပုထိုးပေါင်း ၆၅ ဆူခန့်ထိခိုက်ခဲ့ပြီး လူသေဆုံးမှုအချို့လည်း ရှိခဲ့ပါတယ်။
အဲဒီလို သဘာဝဘေးအန္တရာယ်ဒဏ်တွေကို ခံခဲ့ရတဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသဟာ အခုအခါမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာခဲ့ပြီးနောက် ယူနက်စကိုက ပုဂံယဉ်ကျေးမှုနယ်မြေ ထိန်းသိမ်းပြုပြင်ရေးနဲ့ ရေရှည်တည်တံ့ရေး စီမံကိန်းတွေကို ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)နဲ့ အတူ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။