October 19, 2024

၂၄. ၂. ၂၀၂၄
Written by Nay Moe

ချင်းပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် စက္ကန့်ရွာ တိုက်ပွဲမှာ ချင်းလက်နက်ကိုင်တွေအထိနာခဲ့ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲ့ ဒုစစ်ဦးစီးချုပ်အပါအဝင် PDF ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၃ ရက်က ဖြစ်ပွားတဲ့ စက္ကန့်ရွာတိုက်ပွဲအတွင်း စစ်ကြောင်းထိုးလာတဲ့တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဆုတ်ခွာ ထွက်ပြေးတဲ့ CNDF ဒုစစ်ဦးစီးချုပ်နဲ့ ချင်း PDF ၃ ဦးဟာ မှန်တော်ရွာအနီးမှာ ကျည်ထိမှန်သေဆုံးခဲ့ကြတာဖြစ်ပြီး သေသွားသူတွေက CNDF ဒုစစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး(ခ) Joshua နဲ့ ချင်း PDF တွေဖြစ်တဲ့ ရဲမေ ရွှေနွမ်ကိမ် (ခ) အငယ်၊ ရဲဘော် အေမောဗန်နိုက်လျန်နဲ့ ​ဆလိုင်းမန်ပူတို့ဖြစ်ပါတယ်။

တယ်လီဂရန်သတင်းဌာနတွေမှာလည်း CNDF ဒုတိယ စစ်ဦးစီးချုပ်နဲ့ သူ့ဇနီးအပါအဝင် ချင်း PDF လေးဦးကို စက္ကန့်ရွာတိုက်ပွဲ၊ မှန်တော်ရွာအနီးမှာ အသေမိတယ်လို့သတင်းထုတ်ပြန်နေသလို သေဆုံးနေတဲ့ ဆလိုင်းဒေးဗစ်နယူးရဲ့ပုံတွေကိုပါ ထုတ်ပြန်ထားပါတယ်။

ဒီလိုမျိုး ဒုတိယစစ်ဦးစီးချုပ်ပါ သေဆုံးသွားခဲ့တာကြောင့် CNDF နဲ့ ချင်း PDF တွေဟာ လက်ရှိအချိန်မှာ ကလေးမြို့ကို အပြင်းအထန်ထိုးစစ်ဆင်ပြီး နယ်မြေခံတပ်စခန်းကို တိုက်ခိုက်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပုံစာ – ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ၏ ဒုစစ်ဦးစီးချုပ်အပါအဝင် သေဆုံး ချင်း PDF များမြင်ကွင်း (Photo – Facebook)

Leave a Reply

Your email address will not be published. Required fields are marked *