October 20, 2024

၂၄. ၂. ၂၀၂၄
Written by Pan Ei

တရုတ်နိုင်ငံအရှေ့ပိုင်း နန်ကျင်းမြို့ရှိ လူနေအဆောက်အအုံတစ်ခု မီးလောင်မှုအတွင်း အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စနေနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) မှာ ပြောကြားခဲ့ပါတယ်။

မီးလောင်မှုဟာ သောကြာနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး လျှပ်စစ်ဆိုင်ကယ်တွေ ထားရှိရာ အဆောက်အအုံရဲ့ ပထမထပ်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ပဏာမစုံစမ်းစစ်ဆေးမှုတွေအရ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆောက်အအုံဟာ ရှန်ဟိုင်းမြို့အနောက်မြောက်ဘက် ကီလိုမီတာ ၂၆၀ ခန့်အကွာက လူဦးရေ ရှစ်သန်းကျော်နေထိုင်တဲ့ နန်ကျင်းမြို့ရဲ့ ယူဟွာတိုင်ခရိုင်မှာ တည်ရှိပါတယ်။

မီးငြှိမ်းသတ်ဖို့ မီးသတ်ကား နှစ်ဆယ့်ငါးစီးကို ဖြန့်ကျက်ခဲ့ရတယ်လို့ အရေးပေါ်ဌာနက ပြောကြားခဲ့ကာ ဒဏ်ရာရသူ ၄၄ ဦးကို ကုသဖို့ ဆေးရုံကို ပို့ဆောင်ထားပြီး တစ်ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်းနဲ့ တခြားတစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးစံနှုန်းတွေ ပေါ့လျော့မှုနဲ့ စည်းကမ်းလိုက်နာမှု ညံ့ဖျင်းတာတွေကြောင့် တရုတ်နိုင်ငံမှာ ခုလို လူအသေအပျောက်များတဲ့ မီးလောင်ကျွမ်းမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း တရုတ်နိုင်ငံ ဂျောင်ရှီပြည်နယ် ဆင်ရုမြို့ရှိ လမ်းဘေးဆိုင်တစ်ဆိုင်ရဲ့မြေအောက်ခန်းမှာ အလုပ်သမားတွေ တရားမဝင် မီးသုံးစွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာက လူ ၃၉ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *