October 20, 2024

၂၄. ၂. ၂၀၂၄
Written by Min Mahar

တံမြက်စည်းပင်သွားခုတ်သည့် အဘွားအိုတစ်ဦး ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ ထောင်ထားသော မြေမြုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးကာ အခြားထိခိုက်ဒဏ်ရာများရရှိမှု မူဆယ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီ ၂၂ ရက်)မွန်းလွဲ ၃ နာရီကျော်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မန့်မိုင်ကျေးရွာတွင် တံမြက်စည်းပင်ခုတ်ရန်သွားသည့် မူဆယ်မြို့၊ တောင်ရပ်ကွက်၌ နေထိုင်သော အသက် ၆၀ ကျော်အရွယ်ရှိဒေသခံအမျိုးသမီးကြီးတစ်ဦးသည် ဒေသတွင်းလက်နက် ကိုင်အဖွဲ့များ ထောင်ထားသည့် မြေမြုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာများရှိသွားသည့်အတွက် မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

“မန့်မိုင်ရွာဘက်ကို တံမြက်စည်းပင်သွားခုတ်တဲ့ အမေကြီးတစ်ယောက် မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်။ နောက်တစ်ဖက်လည်း မိုင်းစတွေထိထားသေးတယ်။ အဲ့ဒါအပြင် မျက်နှာနဲ့ ဗိုက်ပါထိတယ်။ မူဆယ်မြို့ တောင်ရပ်ကွက်ကနေ သူနဲ့သက်တူ သူ့သူငယ်ချင်းအမျိုးသမီးကြီးနဲ့ နှစ်ယောက်အတူတူသွားရာကနေ သူကမိုင်းနင်းမိတာပါ။ တောထဲဆိုတော့ ခက်ခက်ခဲခဲ သယ်ခဲ့ရတယ်လို့ကြားတယ်။ ကံကောင်းလို့ အသက်မသေတာ။ တောင်ထိပ်မှာ လက်နက်ကိုင်အဖွဲ့တွေနေတာဆိုတော့ စစ်တပ်က ကပ်လို့မရအောင် တောင်ခြေတွေမှာ သူတို့က မိုင်းတွေထောင်ထားတာဖြစ်မယ်။ ဒီဘက်မှာ မိုင်းနင်းမိတာ ၁၀ ယောက်ကျော်နေပြီ”ဟု ဒေသခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါမိုင်းနင်းမိသောကြောင့် အဖွားအိုသည် ညာဘက်ခြေထောက်ပြတ်ထွက်သွားသည့်အပြင် ဗိုက်၊ မျက်နှာ၊ လက်မောင်းနှင့် ဘယ်ခြေထောက်ကိုလည်း မိုင်းစများ ထိမှန်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မူဆယ်မြို့ခံ လူမှုကူညီရေးအသင်းအဖွဲ့မှ ကူညီဆောင်ရွက်ပေးနေသည့် အသင်းဝင်တစ်ဦးက”မူဆယ်မှာ လူသွားလမ်းတွေကအစ နေရာအနှံ့မိုင်းတွေ ထောင်ထားကြတာ ဖြစ်လို့ မိုင်းသတိနဲ့ သွားလာဆောင်ရွက်ကြဖို့လိုတယ်”ဟု ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *