October 21, 2024

စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းအမျိုးသမီးနှင့်အတူ ထွက်ပြေးနေသည့် ကောလင်းခရိုင်၊ တပ်ရင်း-၄(ဒိုးပင်ကျေးရွာ)မှ အပေါင်းအပါ ၂၀ ဦးတို့ပါ အမှုဖွင့်ထား

၂၄. ၂. ၂၀၂၄
Written by Min Mahar

ကောလင်းခရိုင်၊ တပ်ရင်း-၄ တွင် ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် PDF အမျိုးသမီးတစ်ဦးကို ရွှေဘိုမြို့နယ်တွင် ဖမ်းမိ၍ ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၀ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့သည်  မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရွှေဘိုမြို့နယ်၊ မေဂွန်ကျေးရွာအနီး၊ မဟာနန္ဒာကန်တော် မူးဘောင်လမ်းတွင် အသက် ၂၃ နှစ်အရွယ် စိုးစန္ဒာထွန်း(ခ) သဇင်ဆိုသူအား ၎င်းကိုင်ဆောင်သည့် Redmi HM NOTE 1S အမျိုးအစား အနီရောင် လက်ကိုင်ဖုန်းနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရွှေဘိုမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုစစ်ဆေးပေါ်ပေါက်မှုများအရ ၎င်းအမျိုးသမီးသည် ကောလင်းခရိုင်၊ တပ်ရင်း-၄(ဒိုးပင်ကျေးရွာ)ရှိ PDF အဖွဲ့ စခန်းတွင်စစ်သင်တန်းတက်ရောက်ခဲ့ပြီး အဆိုပါစခန်းတွင် ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သည့်အပြင် Facebook Messenger အတွင်း PDF အဖွဲ့ဝင်များနှင့် ဆက်သွယ်ပြောဆိုထားရှိသည့် ဓာတ်ပုံများကိုပါ တွေ့ရှိခဲ့၍ သိမ်းဆည်းထားကြောင်း သိရသည်။

ထို့ကြောင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန်နှင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ရေးသားထားသော စာသားများ၊ ဓာတ်ပုံများအား လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပို့စ်တင်ခြင်း၊ ရှဲလ်ခြင်းပြုလုပ်ခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့အတွင်း ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေရန် ရည်ရွယ်လုပ်ဆောင်နေသော PDF အဖွဲ့များအား အကြမ်းဖက်သမားများမှန်းသိလျက်ဖြင့် သတင်းပေးရန် ပျက်ကွက်ခဲ့သူ မစိုးစန္ဒာထွန်း(ခ) သဇင်အား ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့ မြို့မရဲစခန်းမှ (ပ)၃၁/၂၀၂၄ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ- ၅၂(က)နှင့် (ပ)၃၂/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့ တွင် တရားခံအား မြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသည့် အမျိုးသမီးသည် ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ မြတောင်ရပ်( ဒေသအခေါ်)၊ မြတောင်(၁၀) လမ်းတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းအမျိုးသမီးနှင့်အတူ ထွက်ပြေးနေသည့် ကောလင်းခရိုင်၊ တပ်ရင်း-၄(ဒိုးပင်ကျေးရွာ)မှ အပေါင်းအပါ ၂၀ ဦးတို့ပါ အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *