October 23, 2024

၆. ၁၂. ၂၀၂၂
Written by Nay Moe

တမူးမြို့မှ ဆရာမဒေါ်အေးမာထွန်းအား ရက်စက်စွာရိုက်နှက်ပစ်ခတ်သတ်ဖြတ်ခဲ့သည့် တမူး PDF များအား စစ်ဘက်ဆိုင်ရာဥပဒေနှင့် အရေးယူမည်ဟု NUG က ဒီဇင်ဘာ ၅ ရက် ဒီဇင်ဘာ ၆ ရက် ည ၁၂ နာရီအကျော်တွင် ထုတ်ပြန်ထားသည်။

ထိုသို့ စစ်ဆေးအရေးယူမည်ဖြစ်သော်လည်း ဆရာမဒေါ်အေးမာထွန်းမှာ တမူးမြို့တွင် PDF များကို သတ်ဖြတ်ခဲ့သည့်ဖြစ် စဥ်၌ ပါဝင်ပတ်သက်ဖွယ်ရှိသူဟုလည်း NUG က စွပ်စွဲဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

တမူး PDF တပ်ရင်း (၄) မှဟု ပြောဆိုကြသည့် တမူး PDF ဆယ်ဦးခန့်က တမူးမြို့ပြင် အာရှလမ်းမပေါ်တွင် လူအများသွားလာနေသည့်အကြား ဆရာမဒေါ်အေးမာထွန်းကို လက်ထိပ်ခတ်ကာ ဝိုင်းဝန်းရိုက်နှက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဥ်ကို ဦးဆောင်ကျုးလွန်သူမှာ တမူး PDF တပ်ရင်း (၁) မှ ဂျပန်ကြီးနှင့် ဇနီး ချောစုအောင်တို့ဖြစ်သည်ဟုလည်း လူမှုကွန်ရက်တွင် ပြောဆိုမှုများ ရှိနေသည်။

ဒေါ်အေးမာထွန်းတွင် သက်ကြီးရွယ်အိုမိခင်နှင့် လူလားမမြောက်သေးသည့် ကလေးငယ်သုံးဦးကျန်ခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါ ခိုကိုးရာမဲ့လူလေးဦးမှာ ရှာဖွေကျွေးသူမရှိသောကြောင့် အခက်အခဲများစွာရင်ဆိုင်နေရသည်ဟုလည်း ကူညီနေသူများက ပြောသည်။

ထိုသို့ တမူး PDF များက ရက်စက်စွာ ရိုက်နှက်ပစ်ခတ်သတ်ဖြတ်ခဲ့သော ဆရာမဒေါ်အေးမာထွန်းအတွက် တမူးမြို့မှ ပြည်သူများက ဒီဇင်ဘာ ၄ ရက်တွင် ဆန္ဒပြခဲ့ကြပြီး NUG မှ တာဝန်ယူတာဝန်ခံရန် တောင်းဆိုခဲ့သလို ဆရာမဒေါ်အေးမာထွန်းကို သတ်ဖြတ်ခဲ့သည့် ဦးဆောင်သူဂျပန်ကြီးနေအိမ်ရှေ့တွင်လည်း ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ပုံစာ။ ဒေါ်အေးမာထွန်းကို တမူး PDF များ သတ်ဖြတ်နေပုံ၊ ဒေါ်အေးမာထွန်းမိခင်နှင့် ကလေးများကို ငွေပေးကမ်းနေပုံနှင့် NUG ထုတ်ပြန်ချက်။

Leave a Reply

Your email address will not be published. Required fields are marked *