October 21, 2024

၂၃. ၂. ၂၀၂၄
Written by Nyein Kyaw

တာချီလိတ်မြို့ရှိ မြေဧရိယာ နှစ်ဧက ကျယ်ဝန်းသည့် ခြံဝန်းထဲတွင် တရားမဝင် အွန်လိုင်း လောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည့် ထိုင်းနိုင်ငံသူ/သား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံ သူ/သား ၅၄၀ ဦး၊ စုစုပေါင်း ၆၈၉ ဦးတိုအား ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)မှ ထုတ်ပြန်ထားသည်။

တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ နှစ်ဧကကျယ်ဝန်းသည့် ခြံဝန်းအတွင်းရှိ ဆောက်လုပ်ဆဲ နှစ်ထပ်ဆောင် သုံးဆောင်အတွင်း၌ အွန်လိုင်းလောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်သူများ လုပ်ဆောင်သည်ဆိုသော သတင်းရရှိသည့်အတွက် ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ်တွင် အဆိုပါနေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်ဧကလောက် ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ ကျွန်တော်တို့ နှစ်ထပ်ဆောင် သုံးဆောင် ဆောက်လုပ်ဆဲ လူနေ နေရာတွေနဲ့ လုပ်ဆောင်နေတဲ့ဟာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေရော၊ အခြားအိမ်နီးချင်းနိုင်ငံတွေရာ ထိခိုက်စေတဲ့ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနဲ့ တက်ကြွစွာ ပူးပေါင်း‌ဆောင်ရွက်လျက်ရှိပါတယ်။ အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်တယ်လို့ ပြောလိုပါတယ်”ဟု SAC၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယင်းကဲ့သို့ ရှာဖွေစစ်ဆေးခဲ့ရာတွင် ထိုင်းနိုင်ငံသား အမျိုးသား ၇၅ ဦးနှင့် အမျိုးသမီး ၇၃ ဦး စုစုပေါင်း ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ၁ ဦး၊ မြန်မာ အမျိုးသား ၁၇၃ ဦးနှင့် အမျိုးသမီး ၃၆၇ စုစုပေါင်း မြန်မာနိုင်ငံသား ၅၄၀ ဦး စုစုပေါင်း ထိုင်း၊ တရုတ်နှင့် မြန်မာနိုင်ငံသား ၆၈၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည့်အပြင် မော်တော်ယာဉ် ၈ စီး၊ မော်တော်ဆိုင်ကယ် ၁၂၀၊ Online ဂိမ်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် Desktop ကွန်ပျူတာများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသူ/သားများအား တရားဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *