October 21, 2024

၂၃. ၂. ၂၀၂၄
Written by Zaw Moe

AA အဖွဲ့အနေဖြင့် ARSA ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့များနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်းသို့ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေပြီး အဆိုပါ မူးယစ်ဆေးဝါးလုပ်ငန်းများတွင် AA အဖွဲ့၏ စစ်ဘက်ဆိုင်ရာ အကြီးအကဲများကိုယ်တိုင် ပါဝင်နေကြောင်းကို အထောက်အထား အပြည့်အစုံရရှိထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“ပထမဦးဆုံးတော့ မောင်းတောဒေသမှာရှိတဲ့ နယ်စပ်ဒေသလုံခြုံရေး တာဝန်ယူထားတဲ့ နယ်စပ်ဒေသကာကွယ်ရေး ရဲတွေ၊ ရဲစခန်းတွေကို သူတို့တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်ခဲ့တဲ့နေရာမှာ တချို့ရဲစခန်းတွေသည် ဆုတ်ခွာပေးလိုက်ရတယ်။ ဆုတ်ခွာပေးတာနဲ့အတူ AA အနေနဲ့ သတင်းလွှင့်တာ တစ်ခုရှိပါတယ်။ ဘာလွှင့်လည်းဆိုတော့ နယ်ခြားစောင့်ရဲတွေအနေနဲ့ ARSA အကြမ်းဖက်သောင်းကျန်းသူတွေကို လက်နက်တွေ ရောင်းချခဲ့တယ်ဆိုတဲ့ဟာမျိုး။ ဒါမဟုတ်မမှန်ထုတ်လွှင့်တာရှိပါတယ်။ အမှန်တော့ ဒီ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နဲ့ ARSA ဘင်္ဂါလီသောင်းကျန်းသူတွေဟာ ယခင်ကတည်းက အဆက်အသွယ်ရှိပြီးဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက အဆက်အသွယ်ကတော့ မူးယစ်ဆေးဝါးလုပ်ငန်းပဲဖြစ်တယ်။ စိတ်ကြွရူးသွပ်ဆေးပြားများ၊ WY ဆေးပြားများ၊ ICE မူးယစ်ဆေးဝါးများကို ဒီ AA အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲအထိ သွင်းယူလာတာဖြစ်ပါတယ်။ ဒီဟာတွေဟာ ဘယ်ကနေထွက်တယ်။ ဘယ်နေရာကနေသွားတယ်ဆိုတာလည်း ကျွန်တော်တို့ အထောက်အထားအပြည့်အစုံနဲ့ AA က အဖွဲ့ဝင်တွေ၊ အရာရှိကြီးများကိုယ်တိုင်၊ သူတို့ပြောနေတဲ့ AAရဲ့ စစ်ဘက် သူတို့ခေါင်းဆောင်လို့ ပြောနေတဲ့သူတွေကိုယ်တိုင် ပါဝင်ပတ်သက်တာဖြစ်ပါတယ်။ အကြိမ်ကြိမ်လည်း ဖမ်းဆီးရမိပြီးဖြစ်ပါတယ်။ သက်သေအထောက်အထားနဲ့လည်း ကျွန်တော်တို့ ထုတ်ပြန်ပြီးဖြစ်တယ်။ ဒီဟာတွေကို အဓိက ပင်လယ်ထွက်ပေါက်ကနေပို့တာရှိတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ပို့တာရှိတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ထဲမှာလည်း မကြာခဏဖမ်းဆီးရမိတာရှိတယ်။ နယ်စပ်အထိ AA အဖွဲ့က တာဝန်ယူပြီး ဟိုဘက်မှာ ARSA အဖွဲ့နဲ့ချိတ်ပြီး လွှဲပြောင်းပြီးဆောင်ရွက်တာဖြစ်ပါတယ်။ ဒီနေရာမှာ ရဲစခန်းတွေက ဆုံးရှုံးခဲ့ရတဲ့ လက်နက်တွေကို ARSA အဖွဲ့ကို ထောက်ပံ့ပြီးတော့ ဒါသူတို့ ထောက်ပံ့တယ်ဆိုတာ မဖြစ်အောင်။ ပြီးရင် ဒီစောင့်ကြည့်နေတဲ့ ရခိုင်ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များရှိ မွတ်စလင်များကို တပ်မတော်က တပ်သားများ စုဆောင်းနေသည်ဆိုသော မဟုတ်မမှန်သတင်းများကိုပါ ထုတ်လွှင့်နေကြောင်း၊ တပ်မတော်အနေဖြင့် ယင်းကဲ့သို့ စစ်သားစုဆောင်းမှုများ ဆောင်ရွက်ခဲ့ခြင်း လုံးဝမရှိကြောင်းနှင့် ယင်းကဲ့သို့ သတင်းများထုတ်လွှင့်ပြီး ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်ရှိ မွတ်စလင်များကို AA အဖွဲ့သို့ဝင်ရန် ခြိမ်းခြောက်မှုများ ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒီနေ့မှာဆိုရင် ဘူးသီးတောင်၊ မောင်းတောဘက်မှာ AA အနေနဲ့ မွတ်စလင်ကျေးရွာတွေက ကိုယ်စားလှယ်တွေခေါ်ပြီး အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးထဲမှာ သူတို့အနေနဲ့ ဒီအဖွဲ့တွေကို တပ်မတော်နဲ့ မပူးပေါင်းဖို့ AA နဲ့ ပူးပေါင်းဖို့ AA တပ်ထဲမှာ ဝင်ပါဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တာရှိပါတယ်။ အခွင့်အရေးတွေ ပေးသွားမယ်ဆိုပြီးလည်း ပြောဆိုခဲ့တာမျိုးရှိပါတယ်။ ဒီအစည်းအဝေး သူတို့ပြောခဲ့တဲ့ဟာတွေ အထောက်အထားတွေ အားလုံးရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ဘူးသီးတောင်မြို့နယ်၊ မောင်းတောဘက်အထွက်ရှိ မွတ်စလင်ကျေးရွာများကို တပ်မတော်ကို သတင်းပေးမှုများ ဆောင်ရွက်နေသည်ဟုဆိုကာ AA အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် အနည်းဆုံး အိမ်ခြေ ၇၀၀ ဝန်းကျင် ဆုံးရှုံးခဲ့ခြင်းကြောင့် တပ်မတော်နှင့် ဒေသခံမွတ်စလင် လူမှုကူညီရေးအသင်းအဖွဲ့များဖြင့် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြးသည်။

Leave a Reply

Your email address will not be published. Required fields are marked *