October 21, 2024

၂၃. ၂. ၂၀၂၃
Written by Nyein Kyaw

တရုတ်နိုင်ငံသားဦး‌ဆောင်၍ စုစုပေါင်း လူ ၉၁ ဦးခန့်ဖြင့် ဖွဲ့စည်းထားသည့် ချေးငွေလုပ်ငန်းဖြင့် အများပြည်သူများထံမှ ကုတ်သွေးစုပ် ငွေကြေးအမြတ်ထုတ် လိမ်လည်လုပ်ကိုင်နေသည့် Mashala Tech Co.,Ltd အွန်လိုင်းချေးငွေလုပ်ငန်းအား ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် တရားခံ ၁၃ ဦးဖမ်းမိထားကာ ကျန်ရှိတရားခံများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းတွင် ကုမ္ပဏီရုံးခန်းဖွင့်လှစ်ကာ ဆောက်ရွက်နေခြင်းဖြစ်ပြီး Mashala Tech Co.,Ltd ပိုင်ရှင် (ဦးဆောင်သူ) တရုတ်နိုင်ငံသား Mr.Yu Linfeng (ခ) Willian သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကတည်းက ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးဖြစ်ကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အကြမ်းဖျင်းအခြေအနေပြောပြရရင်တော့ အွန်လိုင်းလိမ်လည်မှုမှာပါဝင်တဲ့ တရားခံ ၁၃ ဦး ဆက်စပ်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းက စုစုပေါင်း ၉၁ ဦးလောက်နဲ့ ဖွဲ့စည်းထားတဲ့ အွန်လိုင်းချေးငွေလုပ်ငန်းကို အကြောင်းပြပြီး လိမ်လည်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီသူတို့အနေနဲ့ အကြမ်းဖျင်း လုပ်ပုံကိုင်ပုံအနေနဲ့ ဒါလူတွေကို လိုက်လံစည်းရုံးတယ်။ ငွေချေးပေးတယ်။ အခြားလုပ်ငန်းတွေနဲ့ မြှူဆွယ်တယ်။ ပြီးရင် ပစ်မှတ်ထားသူဆီကနေမှ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့‌ အကောင့်တွေ၊ သူနဲ့ပတ်သက်တဲ့ ဖုန်းထဲမှာ သူတို့ရဲ့ Application တွေကို Install လုပ်ခိုင်းတယ်။ Application တွေကို သွင်းခိုင်းတယ်။ သွင်းလိုက်တဲ့အချိန်မှာ သူရဲ့ Contact List တွေ၊ ဖုန်းထဲမှာရှိနေတဲ့ သူနဲ့ဆက်သွယ်နေတဲ့ ဖုန်းနံပါတ်တွေတို့၊ အချက်အလက်တွေတို့ အကုန်လုံးရယူသွားတယ်။ ရယူသွားပြီး သူကငွေချေးတဲ့ပုံစံမျိုး လုပ်တယ်။ ပြန်တောင်းတယ်။ ပြီးရင်သူ့ကို ငွေချေးထားတယ်ဆိုပြီး ငွေဘယ်လောက်ပေးဆိုပြီး ငွေညှစ်ပါတယ်။ ငွေညှစ်ပြီးတော့ ငွေညှစ်လို့အဲဒီလူက မပေးဘူးဆိုရင် သူရဲ့ရရှိသွားတဲ့ Contact List ဖုန်းနံပါတ်တွေ၊ သူ့ရဲ့ ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်တွေကို အကုန်လိုက်ဆက်ပြီးတော့ အရှက်ခွဲတာတွေ၊ ခြိမ်းခြောက်တာတွေ၊ ဆဲဆိုတာတွေ၊ အဆက်မပြတ်ခြိမ်းခြောက်ပြီး ဆဲဆိုတာတွေ လုပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နစ်နာသူများရဲ့ ပြောကြားချက်၊ ဖော်ထုတ်ချက်အရ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခုလောလောဆယ်မှာ တရားခံ ၁၃ ဦး ဖမ်းဆီးရမိပြီးဖြစ်တယ်။ ကျန်တဲ့ တရားခံတွေကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဖမ်းဆီးရန်ကျန်ရှိနေသည့် တရုတ်နိုင်ငံသားဖြစ်သူ Mr.Yu Linfeng (ခ) Willian နှင့် ဖမ်းဆီးရမိသူများဖြစ်သည့် မမြတ်စန္ဒာဝင်း (ခ) စန္ဒာ၊ မအေးမြတ်သူ (ခ) ဇူးဇူကို၊ ဆုရည်နွယ်၊ မဝေဖြိုးသွယ် (ခ) မဝေ၊ မင်းခန့်ကျော်၊ ဇော်ထက်အောင်၊ ကျော်ဇင်ထက်၊ မရတနာ၊ မလွင်မေချစ်၊ ရဲနိုင်ဝင်း၊ မမိုမို့‌အောင်၊ မင်းခန့်ကျော်(ခ) ခန့်ကျော်၊ ငြိမ်းချမ်းဆွေနှင့် မစုစုအေးတို့အား အမှုဖွင့်လှစ်၍ တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား အမြန်ဆုံး ဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *